နွေဦးထဲက ကဗျာ၊ ကဗျာထဲက နွေဦး ၁၀၄
from DNA Podcast Hosted by delta news agency
နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၁၀၄ ဗညားမော် နွေဦးတော်လှန်ရေး အရေးတော်ပုံဟာ လက်နက်ကိုင် တိုက်ပွဲကိုပါ မြေပြင်မှာ ဆင်နွှဲနေရတဲ့ အရေးတော်ပုံဆိုတာ အားလုံး လက်ခံထားကြပြီး ဖြစ်ပါတယ်။ စစ်ပွဲထဲ ဝင်ရတာ ဖြစ်တာကြောင့် "စိတ်ဓာတ်"နဲ့ တိုက်ခိုက်ရတဲ့ စစ်သားတွေရဲ့ ကိုင်ဆောင်တဲ့ "လက်နက်" ကြီးငယ်တွေအတွက်ကတော့ "ငွေကြေး"နဲ့ ဝယ်ရတဲ့ လက်တွေ့သဘောတရားက ရှိနေတယ်။ အဲ့ဒီ ရန်ပုံငွေ ငွေကြေးရှာဖွေရာမှာလည်း "အချိန်မီ/ အချိန်ကိုက်/ အလုံအလောက်" လိုအပ်တယ် ဆိုတာဟာ အရေးကြီးတဲ့ အချက်ဆိုတာ ဘယ်စစ်ပွဲသမိုင်း တော်လှန်ရေးသမိုင်းမှာမဆို တွေ့ရမြဲပဲ ဖြစ်ပါတယ်။ မဖြစ်မနေ ကိုယ့်အသက် အိုးအိမ်စည်းစိမ်ကို ရရာလက်နက်နဲ့ စွဲပြီး ကာကွယ်တွန်းလှန်ရာကစခဲ့ရတဲ့ တော်လှန်ရေးတပ်ဖွဲ့အသီးသီးဟာ နွေဦးရက်တထောင်ပြည့်ပြီးတဲ့အခါ မြောက်ပိုင်းညီနောင်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်းမှာ စခန်းသိမ်း မြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင်တဲ့ အဆင့်ထိ စစ်ဒေသအနှံ့မှာ အဆင့်တက်ခဲ့ပြီ။ ဒီအခါမှာ မလွဲမသွေ စစ်ဆင်ရေးတွေအတွက် လုံလောက်တဲ့ ထောက်ပို့ ငွေကြေးဟာ မလွဲမသွေ ပိုပြီး လိုအပ်လာတာပါပဲ။ တဖက်ရန်သူ စစ်ဂိုဏ်းအုပ်စုဟာ ပိုလို့ အကျပ်ရိုက်လာသလို ကျွန်တော်တို့ နွေဦးတော်လှန်ရေးတပ်ဖွဲ့များမှာလည်း ပိုလို့ ရုန်းကန်ကြရပါတယ်။ ဘာကြောင့်ဆိုတော့ နှစ်ဖက်စလုံးအတွက် အဓိကနဲ့ အကြီးမားဆုံး အရင်းအမြစ်ဟာ အခက်မျိုးစုံကြားက ရုန်းကန်ရှင်သန်နေကြရတဲ့ ၃ နှစ်တာ ပြည့်တော့မှာ ဖြစ်တဲ့ ပြည်သူလူထုများ ဖြစ်တဲ့အတွက်ပါပဲ။ ဒါပေမဲ့ ပြည်သူလူထုအတွက် သတင်းကောင်းတွေဟာ ခုရက်ပိုင်းတွေမှာ ခပ်စိပ်စိပ်လာနေပါတယ်။ ဒါကြောင့် စိတ်ဓာတ်အရ၊ အလားအလာအရ နွေဦးအရေးတော်ပုံဟာ အတက်ပိုင်းမှာ ပြနေတဲ့အတွက် နေသာသလို နေနေကြတဲ့ အုပ်စုနဲ့ အလွှာတွေဟာ အရေးတော်ပုံအတွက် မေ့လျော့မထားဘဲ ငါတို့နဲ့လည်း ဆိုင်တယ်ဆိုတဲ့ သဘောထားနဲ့ ဝိုင်းကြဝန်းကြဖို့ လိုပါတယ်။ နုပျိုတဲ့ ဘဝနဲ့ အသက်ကို ချရင်းပြီး တိုက်ပွဲခေါ်သံနောက်ကို လိုက်သွားကြတဲ့ အရွယ်ကောင်းလူငယ်တွေဟာ ကျွန်တော်တို့ ပြည်သူလူထုအားလုံးရဲ့ ရင်သွေးတွေ သားသမီးတွေပဲ မဟုတ်ပါလား။ ဒီလို လူငယ်လေးတွေ ရဲ့ ရင်းနှီးပေးဆပ်မှုတွေဟာ နောက်ပိုင်းက လူထုရဲ့ ထောက်ပံ့မှုအားကို များများရလေ အရာပိုထင်လေ၊ အောင်ပွဲက မြန်လေ ဖြစ်လာမှာဟာ ခုချိန်မှာ မြင်သာတဲ့အချက်အလက်တွေက သိသိသာသာ ညွှန်ပြနေပြီပဲ မဟုတ်လား။ ကျွန်တော်တို့ သားသမီးတွေရဲ့ အိမ်ပြန်ချိန်ဟာ နီးသထက် နီးနီးလာဖို့ရာ ကျွန်တော်တို့ရဲ့ အားစိုက်မှုတွေထည့်ပေးဖို့က ပိုပိုပြီး လိုအပ်နေပါတယ်။ ကဗျာဆရာတွေကလည်း သံလွင်ခက် ကိုက်ချီပြီး ပြန်လာတဲ့ ချိုးငှက်လို တော်လှန်ရေးရဲ့ အောင်နိမိတ်တွေကို သူတို့ရဲ့ ကဗျာတွေထဲမှာ ထည့်ပြီး ဆောင်လာ ပြလာနေတာကို ဖတ်နေရပါပြီ။ နွေဦး စပြီဆိုကတည်းက နွေဦးကဗျာတွေကို အင်တိုက် အားတိုက် ရေးနေခဲ့တဲ့ ကဗျာဆရာတချို့ထဲမှာ ကဗျာဆရာ ညီမင်းညိုဟာလည်း အားကောင်းမောင်းသန် တယောက် အပါအဝင်ဖြစ်ပါတယ်။ အခု သူက နွေဦးရဲ့ အောင်နိမိတ်ကို သူ့ရဲ သတင်းကောင်း ကဗျာ ဆိုတဲ့ ကဗျာထဲမှာ ကျွန်တော်တို့ သားသမီးတွေရဲ့ မကြာခင် အိမ်ပြန်လာပါမယ် ဆိုတဲ့ သတင်းစကားအဖြစ်နဲ့ ထည့်သွင်းရေးသားထားပါတယ်။ “နွေဦးနှင်းဆီတွေအနေနဲ့/ သားတို့ ပြန်လာခဲ့ပါမယ် အမေ/ သမီးတို့ ပြန်လာခဲ့ပါမယ် အဖေ” ဆိုတဲ့ ကောင်းသောအသံကို ကျွန်တော်တို့ နားစွင့်ကြည့်လိုက်ကြရအောင်ပါ။
Embed this episode
No transcript yet.