နွေဦးထဲက ကဗျာ၊ ကဗျာထဲက နွေဦး ၁၀၅
from DNA Podcast Hosted by delta news agency
နွေဦးထဲက ကဗျာ၊ ကဗျာထဲက နွေဦး ၁၀၅ ဗညားမော် တော်လှန်ရေးနဲ့ ချစ်ခြင်းမေတ္တာ ဘာဆိုင်သလဲလို့ ထင်မိပါသလား။ မိစ္ဆာတွေလို လူထုပြည်သူတွေကို လူမဆန်စွာ နိုင်လိုမင်းထက် ရေကုန်ရေခန်း ဆက်ဆံပြုမူနေတဲ့ စစ်ဂိုဏ်းသားတွေရဲ့ ရန်စွယ်ဖွေးဖွေးအောက် အကြောက်တရားနဲ့၊ ဒေါသစိတ်နဲ့ ကိုယ့်ကိုယ့်ကိုယ် ခုခံကာကွယ်နေရတဲ့ အများစုမှာ မေတ္တာစိတ် မေတ္တာဓာတ်က ဘယ်ကနေ ဝင်လာနိုင်မလဲ။ ကိုယ့်ပြည်သူလူထုအပေါ် လိုင်စင်ရ ဓားပြ လူသတ်သမားတွေအချိုးနဲ့ အမျိုးမျိုး နှိပ်စက်နှောက်ယှက်နေတဲ့ ဒီစစ်ဂိုဏ်းသားတွေရဲ့ ရန်က ကာကွယ်ဖို့ သူသေကိုယ်သေ ပစ်ခတ်တိုက်ခိုက်ပြီး စစ်ခင်းနေရတဲ့ တော်လှန်ရေးတပ်သားတွေရဲ့ စိတ်ထဲမှာရော ချစ်ခြင်းမေတ္တာအတွက် နေရာရှိနိုင်ပါ့မလား။ ဒွန်ဂျွန်းရဲ့ ကဗျာထဲကလို (လူတယောက်ဆုံးပါးတဲ့အခါ ထိုးလေ့ရှိတဲ့) ဘုရားကျောင်းက ခေါင်းလောင်းထိုသံကြားရင် အဲ့ဒါ ဘယ်သူ့အတွက်မှ မဟုတ်၊ ခင်ဗျားအတွက် ထိုးတဲ့ ခေါင်းလောင်း။ လူဆိုတာ အထီထီးရပ်တည်ရတဲ့ ကျွန်းမဟုတ်လို့၊ ကျည်းတိုက်ကုန်းမြေရဲ့ တစိတ်တပိုင်းဖြစ်လို့၊ မြေအငူ တခု ပင်လယ်ထဲ မျောပါသွားရင် ဥရောပတတိုက်လုံးအဖို့ ဆုံးရှုံးမှုပဲ ဆိုတာ သိနေရက်၊ ရန်သူသေရင်တောင် လူတယောက် သေတဲ့ အနေ ဖြစ်တော့ ဝမ်းသာမှု ပြဖို့မဟုတ်ဆိုတာ ဆင်ခြင်နေရက် သူတို့ရဲ့ သူမတူရက်စက်ယုတ်မာမှုဒဏ်တွေကြောင့် နှလုံးသားတွေ အေးခဲပြီး လူသေတာကို ဝမ်းသာအားရ ဖြစ်နေကြရတယ်။ အရပ်သားတွေကို အစုလိုက် အပြုံလိုက် ပစ်သတ်၊ အစုလိုက်အပြုံလိုက်သေကြေအောင် အရပ်ဖက် ပစ်မှတ်တွေကို ဗုံးကြဲချ လေကြောင်းတိုက်ခိုက်မှု လုပ်နေကြတဲ့ စစ်ဂိုဏ်အုပ်စုဟာ နိုင်ငံသားချင်း ဖြစ်တဲ့ ပြည်တွင်းစစ်လိုမျိုးမှာကို လူသားမဆန်တဲ့ စစ်ရာဇဝတ်မှုတွေကို ထင်ထင်ရှားရှားနဲ့ အများအပြား ကျူးလွန်နေခဲ့ကြတာ။ ဒီလိုမျိုးစစ်ပွဲဟာ ကျွန်တော်တို့ရဲ့ လူသားစိတ်ဓာတ်ကို ခက်မာစေခဲ့၊ ချစ်ခြင်းမေတ္တာဆိုတာကို ခေါင်းပါးစေခဲ့တယ်။ တနည်းအားဖြင့် အမုန်းတရားကို လောင်စာဖြည့်မှန်းမသိ ဖြည့်ပြီး တိုက်နေကြရတယ်။ လူ့သိက္ခာရှိတဲ့ ရန်သူဆိုရင် ရန်သူကျဆုံးတာ တိုက်ပွဲအတွက် အောင်မြင်မှု ဆိုပေမဲ့ ဒွန်ဂျွန်းရဲ့ ကဗျာထဲကလို လူသားတယောက်သေတာ အားလုံးအတွက်ဆုံးရှုံးမှု၊ နိုင်ငံအတွက်ဆိုရင် နိုင်ငံသားတယောက် သေဆုံးတာဟာ လူ့စွမ်းအားအရင်းမြစ် တနည်းအာဖြင့် ကျေပြုန်းတာပဲ မဟုတ်ပါလား။ ဒါပေမဲ့ သူတို့အုပ်စုရဲ့ အကုသိုလ်တွေက ကြီးကြီးမားမားနောက်ခံရှိနေတာ သေချာတဲ့အတွက် သူတို့ရဲ့ အဆုံးသတ် သူတို့ရဲ့ သေခြင်းကို ကျွန်တော်တို့ဟာ ဝမ်းသာအားရရှိနေရပုံတွေ၊ ဒါဟာ ဝမ်းနည်းစရာပေပဲလား။ တကယ်ကတော့ စစ်ပွဲတွေဟာ သူတို့ဖြစ်ပွားရာ လူ့အသိုက်အဝန်းထဲ နယ်မြေဒေသထဲ တိုင်းပြည်နိုင်ငံထဲ ကောင်းတာထက် မကောင်းတာတွေကို ဖြန့်ကြဲပစ်လိုက်ကြပုံပါပဲ။ ဖက်ပြိုင်တိုက်ခိုက်တဲ့ အင်အားစုတွေအနက် ဓမ္မဘက်သားတွေ နောက်ဆုံး အောင်ပွဲရတဲ့အခါမှ ကောင်းမြတ်ခြင်းတွေကို ပြန်လည် တည်ဆောက်ပျိုးထောင်ယူကြရစမြဲပါ။ အဲ့ဒီအခါမှာ လူသားမျိုးနွယ်ချင်း ထားရှိရမယ့် အကျိုးဆောင်စိတ်ဓာတ် တနည်းအားဖြင့် ချစ်ခြင်းမေတ္တာမျိုးစေ့လေးဟာ ကျန်ကောင်း ကျန်ရာ ကျန်နိုင်မှ ဆက်လက် ပျိုးထောင်ယူနိုင်မှာပါ။ စစ်ပွဲကြောင့် ဖြစ်ရတဲ့ အမျက်ဒေါသတွေ အမုန်းတရားတွေနဲ့ ပြန်လည်တည်ဆောက်ရေးမလုပ်နိုင်တဲ့အတွက် နိုင်ရာဘက်က လက်စားချေမှုတွေထက် ခေတ်ပျက်ကြီးထဲ ဖြစ်ပျက်ခဲ့သမျှ အမှုအခင်းတွေကို ကြားကာလ တရားမျှတခြင်းတွေ ဆောင်ကျဉ်းပြီး ရှင်းလင်းပေးရမှာ မဟုတ်ပါလား။ ဒါကြောင့် သတ်ဖြတ်ရက်စက်မှုတွေ လက်တွေ့ရင်ဆိုင်နေရတဲ့ စစ်ပွဲ တိုက်ပွဲတွေကာလမှာကို ချစ်ခြင်းမေတ္တာဆိုတဲ့ စကားလေးကို စာလုံးပေါင်းမမေ့အောင် ကျွန်တော်တို့ ကြိုးစားနေရပါတယ်။ တကယ့်အဖြစ်တွေမှာ သရော်လေသံလေးနဲ့ ပဲဖြစ်ဖြစ် ကဗျာဆရာကတော့ “ရှေ့တန်းမှာတိုက်နေကြတာလည်း ‘ချစ်ခြင်းမေတ္တာ’ နဲ့ပဲ။”လို့ သူ့ကဗျာထဲမှာ ထည့်ရေးပြလိုက်ပါပြီ။ သူက သူ့ကဗျာတလျှောက်လုံးမှာ ရုပ်ဝတ္ထုတွေကိုပဲ ဖြစ်ဖြစ် စိတ္တဇနာမ်းတွေနေရာမှာပဲ ဖြစ်ဖြစ် ချစ်ခြင်းမေတ္တာဆိုတဲ့ စကားလုံးကို အစားထိုး သုံးစွဲ ရေးပြလိုက်ပါတယ်။ နောက်တခေတ်ရောက်တဲ့အခါမှာ ပြန်ပြောပြစရာ ‘ချစ်ခြင်းမေတ္တာ’ တွေ အားလုံး အယောက်စီတိုင်းမှာ ရှိနိုင်အောင်လို့ပဲ ထင်ပါရဲ့။ နွေးနွေးမောင်ရှိန် ရဲ့ ချစ်ခြင်းမေတ္တာ ကဗျာကို ချစ်ခြင်းမေတ္တာ ထားရှိပြီး ဖတ်ကြည့်ကြရအောင်ပါ ခင်ဗျာ။
Embed this episode
No transcript yet.