နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၁၀၆
from DNA Podcast Hosted by delta news agency
နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၁၀၆ ဗညားမော် နွေဦးတော်လှန်ရေးကာလမှာ ကျွန်တော်တို့ သူငယ်ချင်းတွေဟာ သူငယ်ချင်း ဖြစ်နေသေးရဲ့လား။ ရန် ငါ ဆိုတဲ့ ကိစ္စကို အခု ခေတ်တိမ်သွားသလိုလိုရှိတဲ့ လက်ဝဲသမားတွေရဲ့ အရေးစိုက်ကြတဲ့ အရာဆိုပြီး မေ့ထားလိုက်ခဲ့ကြသေးသလား။ နိုင်ငံရေးမှာ ထာဝရရန်သူ ထာဝရမိတ်ဆွေဆိုတာ မရှိဘူးလို့ သဘောထားသူတွေကရော နိုင်ငံထဲမှာ ထာဝရ အာဏာရှင် လုပ်ထားချင်တဲ့ စစ်ဂိုဏ်းအင်အားစုကို ဘယ်လိုသဘောထားခဲ့ကြသလဲ။ ရန်သူက မိတ်ဆွေအဖွဲ့မခံခဲ့ဘဲ အစွယ်ရှိသူမို့ အစွယ်ကို အားကိုးထုတ်ပြလိုက်တဲ့ ဇာတ်ဝင်ခန်းရောက်တဲ့အခါကျ သူငယ်ချင်းတွေဟာ သူငယ်ချင်းဖြစ်နေသေးရဲ့လား ဆိုတဲ့ မေးခွန်းဟာ မရှောင်လွှဲပဲ ဖြေဖို့ ဖြစ်လာရတော့တယ်။ နိုင်ငံ့အာဏာကို အဓမ္မ ဘလက်ကာယ လုပ်ယူထားတဲ့ စစ်ဂိုဏ်းအုပ်စုကတော့ ရှင်းတယ်။ စစ်အာဏာနဲ့ အုပ်စိုးတာကို မလိုလား ဆန့်ကျင်တဲ့ ပြည်သူလူထုရဲ့ ရန်ဘက်ဖြစ်သွားခဲ့ပြီးဖြစ်ပါတယ်။ အာဏာ ပလ္လင်ကို အတင်းတက်ထိုင်ပြီး အစိုးရနေရာကို ဝင်ထိုင်လိုက်တဲ့ သူတွေရဲ့ အောက်မှာ မလွှဲမရှောင်သာ အနီးကပ်ကျရောက်သွားတာက အစိုးရယန္တရားထဲက အဆင့်နေရာအသီးသီးမှာရှိတဲ့ အစိုးရဝန်ထမ်းတွေဖြစ်ပါတယ်။ ဒီဝန်ထမ်းပြည်သူတွေထဲက ထမ်းပိုးကို ခါချပြီး ထွက်လာနိုင်တဲ့ သူတွေက အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု စီဒီအမ်ဝန်ထမ်းတွေ ဖြစ်ခဲ့ပြီး စစ်အာဏာကို လက်မခံတဲ့ ပြည်သူလူထုနဲ့ တဘက်တည်း ဖြစ်သွားခဲ့ပြီး လိုလား၍သော်လည်းကောင်း၊ မလွန်ဆန်နိုင်၍သော်လည်းကောင်း အစိုးရယန္တရားထဲက မထွက်လာနိုင်တဲ့ ဝန်ထမ်းတွေဟာ သူတို့အထက်က ဂုတ်ခွစီးထားတဲ့ စစ်ဂိုဏ်းအုပ်စုနဲ့ တဘက်တည်းသမားတွေ အဖြစ် အလိုလျောက် ကျရောက်သွားပါတယ်။ ဒီအခါ ကျွန်တော်တို့သူငယ်ချင်းတွေဟာ သူငယ်ချင်း ဖြစ်နေသေးရဲ့လား။ တချို့သူငယ်ချင်းတွေဟာ နွေဦးအစမှာ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ တက်ကြွစွာပါခဲ့တယ်။ လုပ်ငန်းခွင်ကို ကျောခိုင်းထွက်ခွာခဲ့တယ်။ ဒါပေမဲ့ စစ်ဂိုဏ်းအုပ်စုရဲ့ အန္တရာယ်၊ ရန်စွယ်နဲ့ သွားစွယ်ဖွေးဖွေးက မလွတ်ကင်းနိုင်တဲ့ အခြေအနေမှာ ဒီယန္တရားထဲကို ခေါင်းငုံ့ပြန်ဝင်သွားခဲ့ကြတယ်။ တချို့သူငယ်ချင်းတွေဟာ အကြမ်းမဖက်နည်းက လိုရာမရောက်နိုင်ဘူး ကိုယ့်အသက် အိုးအိမ်စည်းစိမ်ကို လက်ချည်းသက်သက် အနုနည်းချည်းသက်သက်နဲ့ ကာကွယ်လို့ မရဘူး၊ ပြည်သူ့အာဏာ ပြည်သူ ပြန်ရဖို့ ပြည်သူ့စစ်တပ်ကို ပြည်သူတည်ထောင်ရမယ်လို့ သဘောပေါက်သွားတဲ့ အချိန်မှာ စစ်မှာတမူ အိုင်ချင်းထဲကလို အိုးစားဖက်ကိုတောင် မရှာဘဲ တော်လှန်ရေးစစ်တပ်စတင်ရာ နေရာတွေဆီ ထွက်ခွာသွားခဲ့တယ်။ တချို့သူငယ်ချင်းတွေကတော့ ဝေလေလေ လုပ်သာတဲ့ အချိန်မှာ တို့လူလေးများ ဆိုသလေး တိုင်သံပေးခဲ့ကြပြီး တော်လှန်ရေးခရီးက ဘဝတွေ အသက်တွေရင်းပြီး ကြမ်းတမ်းတော့မယ့်အချိန်မှာ ကိုယ်ရှိန်သတ်ခဲ့ကြတယ်။ စစ်ဒေသတွေနဲ့ ခပ်ဝေးဝေး ပြည်သူလူထုရဲ့ အပူမီးနဲ့ ခပ်ဝေးဝေး မြို့ပြရဲ့ ဘားတွေ ကလပ်တွေ ပျော်ပွဲတွေ သွားသာတဲ့ အချိန်မှာ ကပ်ကာလကြီးထဲ မွန်းကြပ်လှတယ် ကိုယ့်ကိုယ်ပိုင်ထွက်ပေါက်နဲ့လည်း ကိုယ်ပျော်ကြောင်း ရှာထိုက်တယ်လို့ သဘောရသလားမသိ ပျော်သလိုသာ နေ ကိုယ့်လူရေ အသင်းအဖွဲ့ထဲ မျက်စိစုံမှိတ် ဝင်သွားလိုက်ကြပုံရတယ်။ ဒီအခါ ကျွန်တော်တို့သူငယ်ချင်းတွေဟာ သူငယ်ချင်း ဖြစ်နေသေးရဲ့လား။ သူငယ်ချင်းတွေအကြောင်းကို လူငယ်ကဗျာဆရာ PlugX က ကျနော့်သူငယ်ချင်းဆိုပြီး ရိုးရိုးပဲ ခေါင်းစဉ်ပေးပြီး ရိုးရိုးပဲ စကားပြေဝါကျတွေနဲ့ ကဗျာတပုဒ်ရေးလိုက်ပါတယ်။ ကဗျာဆရာက သူငယ်ချင်းတွေအပေါ် သံယောဇဉ်ရှိတယ်ဆိုတာ သံသယဖြစ်ဖွယ် မရှိပါဘူး။ သူ့ကဗျာထဲမှာ စိတ်နာစကားတွေ ရန်ငါ ပြတ်ဖို့တွေလည်း ထည့် ရေးဖွဲမထားပါဘူး။ သူ့သူငယ်ချင်းအကြောင်း ရေးရင်း တခြား သူငယ်ချင်း ရှေ့တန်းကတုတ်ကျင်းထဲက လှမ်းဖုန်းဆက်တဲ့ တယောက်ကိုလည်း ကဗျာဝါကျ တနေရာမှာ ထည့်ထားတယ်။ ဒီကဗျာထဲမှာ အဓိက ကတော့ “ဥရောပမှာ အကောင်တကောင်ဖြစ်လောက်တဲ့ အထိ ဂျင်ခြေလည်ချင်လည်နေမယ့်” သူငယ်ချင်း။ ဒီအခါ ကျွန်တော်တို့သူငယ်ချင်းတွေဟာ သူငယ်ချင်း ဖြစ်နေသေးရဲ့လား။
Embed this episode
No transcript yet.