နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၁၀၇
from DNA Podcast Hosted by delta news agency
ဗညားမော် နွေဦးတော်လှန်ရေးကာလထဲမှာ ကဗျာအီးဘုခ်တွေ အတော်ထွက်တယ်။ အဲဒီထဲက တဝက်မကဟာ နွေဦးထဲကလာတာနဲ့ ရောင်းရတဲ့ ငွေတွေဟာ နွေဦးဆီသွားမှာလို့ အကြမ်းဖျင်း တွက်လို့ရတယ်။ တချို့ကဗျာဆရာတွေဟာ နွေဦးထဲက တချို နွေဦးမတိုင်ခင်ကတည်းက တက်ကြွလှုပ်ရှားသူတပိုင်း နိုင်ငံရေးတပိုင်း ကဗျာတပိုင်း ထင်ရှားပြီးသူတွေ၊ အများစုကတော့ လူငယ်ကဗျာဆရာတွေ။ ဒီတပတ်မှာ အဲဒီလို အီးဘုခ်တွေထဲက တအုပ်က လက်ထဲ ရောက်လာခဲ့ပြီး အဲဒီထဲက ကဗျာတပုဒ်ကို တင်ဆက်ချင်ပါတယ်။ လင်းအိမ်ငယ်ရဲ့ ခင်ဗျားတို့ အပျင်းပြေ ဖတ်ဖို့ ဆိုတဲ့ အီးဘုခ်ထဲက ငါတို့က ဝါဆောမြို့က ဂျူးတွေ ဆိုတဲ့ ကဗျာဖြစ်ပါတယ်။ ကဗျာဆရာက သမိုင်းထဲက ဒုတိယကမ္ဘာစစ်လောက်ကို ရောက်သွား နှိုင်းယှဉ်ခံစားပြီး နွေဦးထဲက ကိုယ့်ကိုယ်ကိုယ်သရော်လေသံနဲ့ ပြန်ပြောထားတာ။ မျက်မှောက်ခေတ်ရဲ့ ပထဝီခရီးကို ထွက်လိုက်မယ်ဆိုရင်တော့ ဂါဇာကို ရောက်သွားပြီး ဂါဇာနဲ့ ပါလက်စတိုင်းကို ရောက်သွားမှာ။ ပါလက်စတိုင်းက ကဗျာဆရာတစ်ယောက်ရဲ့ အင်စတာဂရမ်ပို့စ်လေးမှာ တင်ထားတာကို ကျွန်တော်တို့ အရင် ဖတ်ကြည်လိုက်ရအောင်။ “ခင်ဗျားက ကဗျာဆရာတယောက် ဒါမှမဟုတ် ဝတ္ထုရေးဆရာတယောက်ဖြစ်ခဲ့ပြီး ဒီနေ့ ကဗျာဖတ် စာဖတ်ပွဲတခုကို တက်ရမယ် ဆိုပါတော့ ဂါဇာအတွက်မှ မဟုတ်ရင် မသွားနဲ့” တဲ့။ ဒီနေ့ ဂျူးနိုင်ငံ အစ္စရေးမှာတော့ ပါလက်စတိုင်းတွေက အပြုခံသားကောင်တွေ ဖြစ်နေပြီး ဒီပို့စ်ကို ရေးတဲ့ ကဗျာဆရာ မိုဆဗ် အဘူတိုဟာ က မြောက်ပိုင်းကနေ တောင်ပိုင်းကို မိသားစုနဲ့အတူ ထွက်ပြေးနေကြတုန်း အစ္စရေးစစ်သားတွေက ဖမ်းပြီး စစ်ကြောရေးလုပ် နှိပ်စက်ခံထားရပြီးမှ ကံကောင်းလို့ ပြန်လွတ်လာတဲ့သူ။ သူတို့မိသားစုက အခု အီဂျစ်ရောက်နေပြီဖြစ်ပေမဲ့ ကျန်ရစ်နေတဲ့ အမေနဲ့ တခြား မိသားစုတွေရဲ့ သေရေးရှင်ရေးသတင်း နေ့စဉ်နားစွင့် နေရသူ။ ကဗျာဆရာတွေ စာရေးဆရာတွေနဲ့ အခြားမိတ်ဆွေတွေရဲ့ သေခြင်းသတင်းကို ဒီကာလအတွင်း လက်ခံစိတ်ထိခိုက်နေရတဲ့သူ။ ဒါကြောင့် သူက ဂါဇာအတွက်မှ မဟုတ်ရင် မသွားနဲ့ ဆိုတာ အစ္စရေးပြင်ပရောက်နေတဲ့ ကဗျာဆရာ စာရေးဆရာတွေကို ရည်ညွှန်းပုံရတယ်။ ဂျူးတွေ သန်းနဲ့ချီ နှိပ်စက် ညှင်းပန်းရေးစခန်းတွေကို မောင်းအထည့်ခံနေရတုန်းကလည်း အခု ကဗျာဆရာ လင်းအိမ်ငယ် ရည်ညွှန်းတဲ့ ရှန်ပိန်လေးသောက် ပီယာနိုလက်သံလေးနားထောင်နေခဲ့တဲ့ ဝါဆေးက ဂျူးတွေ ရှိခဲ့တာ။ သူ့ရဲ့ ကဗျာထဲမှာတော့ သူငယ်ချင်းက စစ်ကြောရေးထဲ ပါသွားပြီး သူတို့က နေ့လယ်ခင်း ဘီးယာဆိုင်မှာ။ ဒါကြောင့် ငါတို့က ဝါဆောမြို့က ဂျူးတွေလို့ ပြောလိုက်တာပေါ့။ ကျရောက်တဲ့ ဒဏ်တွေက မတူကြပေမဲ့ ကျွန်တော်တို့ဟာ ရေမြေချင်းဆက် သွေးချင်းဆက် သမိုင်းချင်းဆက် နေလာခဲ့တဲ့ လူတွေဆိုတာ မမေ့ မလျော့ဘူးဆိုရင် သက်သာဇုန်ထဲ သာယာမွေ့ပျော်တာမျိုးလုပ်ဖို့ ခဲယင်းလှမှာပါ။ ရှာဖွေစားသောက် ရောင်းဝယ်ဖောက်က နေစဉ်ရှင်သန်ရေးအတွက် လှုပ်ရှားနေတာတွေကတော့ နေရမှာပဲပေါ့။ မွန်းကြပ်လှတယ် ဆိုပြီး တကိုယ်ရေးသက်သာမှ ရှာတာကတော့ ရှာတာပဲပေါ့။ ဗုံးဒဏ် လက်နက်ကြီးဒဏ် လွတ်မယ့်နေရာကို သွားရဖို့ လူတန်းကြီးတွေနဲ့ စားအုန်းဆီလေး ရဖို့ တန်းစီနေတဲ့ လူတန်းကြီးတွေ၊ တန်းစီနေရတဲ့ လောင်စာဆီရဖို့ ကားတန်းကြီးတွေ အသက်နဲ့ နီးတာ အသက်နဲ့ ဝေးတာ ကွာခြားလှပေမဲ့ စစ်ဖိနပ်အောက်ကလွတ်ဖို့ ကြိုးစားရုန်းကန် တော်လှန်နေရဆဲ နိုင်ငံတနိုင်ငံရဲ့ နိုင်ငံသားတွေကတော့ အတူတူပဲမဟုတ်လား။ လက်သည်းဆိတ်လို့ လက်ထိပ်မနာတတ်ရင်တော့ ကျွန်တော်တို့ဟာလည်း ငတေမာဂိုဏ်းဝင်တွေပဲ ဖြစ်တာမှာလို့ ဆိုချင်ပါတယ်။ ဝါဆောမြို့က ဂျူးတွေများ ဖြစ်နေပြီလား ကျွန်တော့်တို့ကိုယ် ကျွန်တော်တို့ လိုအပ်ရင် ပြန်မေးကြည့်ရပါလိမ့်မယ်။
Embed this episode
No transcript yet.