နွေဦးထဲက ကဗျာ၊ ကဗျာထဲက နွေဦး (၁၀၉)
from DNA Podcast Hosted by delta news agency
နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၁၀၉ ဗညားမော် ချေဂွေဗားရား လမ်းများ တောင်တွေကို နေရာပြန်ရွှေ့ဖို့ ငါ့အော်သံကို လမ်းပေါ် ချထားခဲ့ပြီ တောအုပ်တွေရေ ငါ့ငိုသံကို ပဲ့တင်ပါ . . . . “မုန်တိုင်းကြောင့် တောပြုန်းရိုးထုံးစံမရှိဘူးဟေ့” လို့ ကဗျာဆရာက အခိုင်အမာ ဟစ်ကြွေးလိုက်ပါတယ်။ ချေဂွေဗားရားဟာ လူငယ်တွေရဲ့ တီရှပ် ဒီဇိုင်းပေါ်မှာသာ ဖက်ရှင်တစ်ခုအဖြစ် ရှိနေခဲ့တာမဟုတ် လူငယ်တွေရဲ့ ရင်ထဲ ဒုတ်ဒုတ်ထိ ရောက်နေခဲ့တယ် ဆိုတာ နွေဦးရဲ့ မုန်တိုင်းထဲ ရဲရဲ တိုးဝင်သွားခဲ့တဲ့ လူငယ်များစွာက သက်သေပြခဲ့ပြီးမို့ သံသယရှိစရာ ကြွေးကြော်သံ မဟုတ်တော့။ “မုန်တိုင်းကြောင့် တောပြုန်းရိုးထုံးစံမရှိဘူးဟေ့”။ “မုန်တိုင်းကြောင့် တောပြုန်းရိုးထုံးစံမရှိဘူးဟေ့”။ ကဗျာဆရာ သစ်ကြိုးရဲ့ ကဗျာကို “လမ်းဆိုတာမပေါ်သေးခင် စဖေါက်နေရချိန် ကဗျာတွေအတူရွတ်ကြ စကားတွေအတူပြောကြရင်း ရင်ထဲရောက်ခဲ့ရတဲ့ကဗျာ”ဆိုပြီး ကဗျာဆရာလည်းဖြစ် တော်လှန်ရေးတပ်သားလည်း ဖြစ်နေတဲ့ ကဗျာဆရာရဲ့ ပို့စ်ကနေ ရခဲ့တာပါ။ ချေဂွေဗားရားလမ်းဆိုတာ တော်လှန်ရေးနဲ့ လူထုအတွက် အသက်ကို နှင်းအပ်ထားခဲ့တဲ့လမ်းပဲ။ အရင်းအနှီးကြီးသလို စွန့်စားမှု မြင့်မားသလို နွေဦးတော်လှန်ရေးဟာ ကျွန်တော်တို့ နိုင်ငံနဲ့ သမိုင်းအတွက် မယုံနိုင်လောက်တဲ့အောင်သီး အောင်နှံတွေကို မလွဲမသွေ ဆောင်ကြဉ်းလာနိုင်မယ်ဆိုတာ သံသယဝင်စရာ မရှိ။ ဒီလမ်းကို လျှောက်မှတော့ ဒီလမ်းအဆုံးမှာ ဒီပန်းတိုင်ဟာ လွဲချော်စရာ မရှိ။ လမ်းဆိုတာ မပေါ်ခင်ကတည်းက ဒီလူငယ်လေးတွေဟာ ဘယ်လိုလွမ်းခဲ့ကြသလဲ ဆိုတာ ဒီကဗျာက သက်သေဖြစ်လိမ့်မယ်။ သူ့ရဲ့ ကဗျာ ပထမပိုင်းမှာ သမိုင်းထဲက လူထုနဲ့ တော်လှန်ရေးစစ်ပွဲတွေထဲက သူရဲကောင်းတွေကို ကိုးကားထားခဲ့တယ်။ ဗီယက်နမ်က ငုယင်ဗန်ထရွိုင်း၊ ကျူးဘားတော်လှန်ရေးက ချေဂွေဗားရား၊ အစ္စရေးနိုင်ငံ ပွင့်သစ်လာဖို့ ရုံးကန်လှုပ်ရှာမှု စစ်ပွဲတွေထဲက မိုရှေ ဒါယန်း။ ဒီစိတ်ဓာတ်မျိုးစေ့တွေကနေ သူတို့ ဘယ်လို အပင်ကို ပေါက်စေခဲ့သလဲ။ ကိုရွေးရဲ့ ကဗျာတပုဒ်ထဲက ကိုးကားချက်ကို သူက နောက်ပိုင်းမှာ ရေးပြတယ်။ သေးငယ်တဲ့ သစ်စေ့လေးထဲမှာ ကျယ်ဝန်းတဲ့အရိပ်တွေ ရှိတယ် တဲ့။ ပြီးတော့ ကဗျာရဲ့ ဒုတိယပိုင်းမှာ သူက ပြည်သူလူထုအတွက် ရေးသားဖြတ်သန်းခဲ့ရာ မြန်မာကဗျာဆရာ စာရေးဆရာတွေကို ဆက်ပြီး အကိုးအကားပြုပါတယ်။ မောင်အောင်ပွင့်၊ ဒဂုန်တာရာ၊ ဗန်းမော်တင်အောင်၊ မြသန်းတင့်၊ အောင်ချိမ့်၊ လှသန်း။ သမိုင်းရဲ့ တောင်းဆိုမှုကို ပေးခဲ့ကြပုံတွေ။ လူငယ်တွေဟာလက် သမိုင်းရဲ့ တောင်းဆိုမှုကို ဒီနေ့ နွေဦးမှာ ဆက်လက်ပေးဆက်နေကြတာပဲ မဟုတ်လား။ ခေတ်အဆက်ဆက် လူငယ်တွေ ပေးဆက်ခဲ့ကြသလိုပဲ အသည်းနှလုံးကို ပေးတယ်။ အနုပညာကို ပေးတယ်။ နောက်ဆုံး အသက်နဲ့ ဘဝကို ပေးတန်လို့ ပေးခဲ့ကြတာချည်းပဲ မဟုတ်လား။ သမိုင်းနဲ့ ခေတ်ရဲ့ လမ်းဟာ သမိုင်းဝန် ခေတ်ဝန်ကို မငြင်းပယ်သူ လူငယ်တွေအတွက် ကြမ်းတမ်းလှပါတယ်။ အလျော်အစားလည်း ကြီးလှပါတယ်။ ရလာမယ့် အောင်သီးအောင်နှံတွေကတော့ သူတို့ ကိုယ်စားပြုရာ သူတို့ အလေးအမြတ်ထားရာ နိုင်ငံနဲ့ လူထုအတွက်ပဲ ဖြစ်တာကြောင့် သူတို့လို ရှေ့ထွက် စွန့်စားရင်းနှီးပေးဆပ်တဲ့ အလုပ်ကို မစွမ်းနိုင် မစွမ်းသာတဲ့ သူတွေဟာ နိုင်သမျှ အားပေးပံ့ပိုးကြရမယ့် ဝန်တာကိုတော့ မျက်ကွယ်မပြုတမ်း ထမ်းသင့်လှတယ်ဆိုတာ အထူးပြောဖို့ မလိုပါ။ ကဗျာဆရာရဲ့ ချေဂွေဗားရားလမ်းကဗျာရဲ့ ကျန်နေတဲ့အပိုင်းကို ကျွန်တော်တို့ နားထဲဝင် ရင်ထဲရောက်သည်ထိ ဆက်လက်ဖတ်ကြည့်ကြရအောင်ပါ။
Embed this episode
No transcript yet.