နွေဦးထဲက ကဗျာ၊ ကဗျာထဲက နွေဦး (၁၁၀)
from DNA Podcast Hosted by delta news agency
နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၁၁၀ ဗညားမော် နွေဦး တော်လှန်ရေး သုံးနှစ်ပြည့်ဖို့ နီးကပ်လာတဲ့အချိန်။ တနည်းပြောရရင် စစ်ဂိုဏ်းအုပ်စုကမြန်မာစစ်တပ်ကို လက်ကိုင်ပြုပြီး အာဏာကို လုဖို့ ကြိုးစားတာကို ဆန့်ကျင်ဖယ်ရှားနေရတဲ့ တိုက်ပွဲ သုံးနှစ်ပြည့်ဖို့ နီးကပ်လာတဲ့အချိန်။ ဒီတော်လှန်ရေးမှာ ထဘီကို အလံထူထွက်ခဲ့တဲ့ အမျိုးသမီးထုရဲ့ ပုံရိပ်တွေကို သတိရမိတယ်။ တကယ်တမ်း တော်လှန်ရေးတို့ တိုက်ပွဲတို့ ဆိုတာ အစဉ်အလာ ဓလေ့ထဲမှာ ငြိတွယ်ကျန်ရစ်နေဆဲဖြစ်တဲ့ ကျားမခွဲခြားတဲ့ ဓလေ့တွေကိုလည်း ကိုင်လှုပ်ပစ်လေ့ ရှိတယ်။ ကိုလိုနီကို တိုက်ခဲ့တဲ့ ခေတ်ဟောင်း ပဒေသရာဇ်မြန်မာလူထုထဲမှာကို ချွန်ထွက်ခဲ့တဲ့ မိန်းမ သူရဲကောင်းတွေ ရှိခဲ့တာပဲ။ လွတ်လပ်ရေးတိုက်ပွဲ နဲ့ ဖက်ဆစ်တော်လှန်ရေးတိုက်ပွဲမှာလဲ ထွက်ပေါ်ခဲ့တာပဲ။ ပုံမှန်အခြေအနေမှာ ကျားနဲ့ မကို ဓလေ့အရ ခွဲခြားမှုတွေနဲ့ သူ့နေရာနဲ့ သူ ခွဲခြားရပ်တည်ရတာတွေဟာ ရေထဲ မိုးထဲ အချိန်ကျ စွမ်းတဲ့သူက ရှေ့ကနေ ထွက်ကြရတာပဲ။ စွန့်နိုင်တဲ့ သွေး ဆိုတာ အရေးထဲကျတော့ ကျားမ မဟူပဲ၊ နီတဲ့သွေးက နီရဲပြီး ဖြူယော်နောက်ဆုတ်သူက ဆုတ်သွားကြတာပဲ မဟုတ်လား။ ခန္ဓာဗေဒအရ အားနည်းချက်နဲ့ ဖြေရှင်းရတဲ့ ပုံမှန် ပြဿနာတွေဟာ ကျားတွေလို မဟုတ်ဘဲ ရင်ဆိုင်ကြရတဲ့ မတွေဟာလည်း တော်လှန်ရေးနဲ့ စစ်ပွဲမှာ ကျတော့ ဒါတွေကို မမှုဘဲ ရင်ဆိုင်ကျော်ဖြတ်ပြီး သူတို့တာ သူတို့ လုံအောင်၊ သူတို့ငန်း သူတို့မီအောင် လုပ်ကြတာပဲ။ တော်လှန်ရေးနဲ့ စစ်ပွဲဆိုရင် အဓိက ဇာတ်ဆောင်တွေဟာ ကျားတွေချည်း မဟုတ်တာကို သတိရနိုင်ဖို့လား၊ ကဗျာဆရာ ပါပ ကတော့ နွေဦး ညီမလေးသို့ ဆိုပြီး ကဗျာတပုဒ် ရေးလိုက်ပါတယ်။ ကဗျာက အဆန်းတကြယ် မဖွဲ့ပါဘူး။ နွေဦးတော်လှန်ရေးထဲ လိုက်သွားတဲ့ ညီမလေးအကြောင်း ရိုးရိုးနဲ့ ဖြောင့်ဖြောင့်ပဲ ရောက်အောင် ရေးထားပါတယ်။ မိသားစု သံယောဇဉ်ဖွဲ့နဲ့ ချစ်စရာ အားတက်စရာ ရေးထားတယ်။ ဒရမ်မာတွေလည်း မချိုးပါဘူး။ လမ်းပေါ်ဆန္ဒပြပွဲတွေမျာ အော်ဟစ်ခုန်ပေါက်ခဲ့တဲ့ မိန်းမငယ်လေးဟာ လက်နက်ကိုင်ဖို့ တောထဲ ရောက်တော့လည်း သတိ သက်သာ အေးစေ အခြေခံ စစ်ရေးပြ စစ်ပညာကို သေသေဝပ်ဝပ် သင်တန်း ယူလို့ပေါ့။ မိန်းမတွေဟာ လောက တဝက်ပါပဲ။ အားနွဲ့တယ် အဆိုခံရပြီး မျိုးဆက်သွေးကို လွယ်ရတဲ့ ဒုက္ခ မွေးရတဲ့ ဒုက္ခ ကျတော့လည်း ဒီမိန်းမတွေရဲ့ သဘာဝ တာဝန်။ လူ့အဖွဲ့အစည်းမှာ ဒီလို အရေးကြီးတဲ့ အပြောင်းအလှည့်တွေနဲ့ ကြုံတော့လည်း မိန်းမတွေဟာ နောက်မှာ မနေကြပါဘူး။ ယဉ်ကျေးမှု ဓလေ့အရ ပုံမှန်အခြေအနေမှာ ကျား မ ခွဲခြားဆက်ဆံခံကြရနိုင်ပေမဲ့ စစ်အာဏာရှင်ရဲ့ အောက်မှာ မိန်းမတွေဆိုပြီး ဖမ်းတဲ့ နေရာ၊ အကြမ်းဖက်တဲ့ နေရာ၊ နှိပ်စက် စစ်ကြောတဲ့နေရာမှာ မိန်းမဆိုတဲ့ ဇီဝလိင်နဲ့ ခန္ဒာဗေဒအပေါ် ထောက်ရှုသတိထားဆက်ဆံတာမျိုး မျှော်လင့်လို့ မရနိုင်ပါ။ ဒါပေမဲ့ တကယ်တမ်း အရေးကြုံတဲ့အခါ သံမဏိသားကျ မာကြောကြတဲ့အခါ မိန်းမတွေဟာလည်း ယောကျ်ားတွေ နည်းတူ ကြံခိုင်အံခဲ ကျော်ဖြတ်ကြရတာပါပဲ။ ကျွန်တော်တို့ရဲ့ နှမတွေ အစ်မတွေ တူမတွေ သမီးတွေဟာ တသက်တကျွန်းလို ထောင်ဒဏ်ကျခံရသူတွေ၊ စစ်ရှောင်စခန်းမှာ ရင်စီးခံနေရသူတွေ၊ တိုက်ပွဲဒေသမှာ ကူညီကယ်ဆယ်ရေး ပညာရေး ကျန်းမာစောင့်ရှောက်ရေး လုပ်ပေးနေသူတွေ၊ စစ်မြေပြင်မှာ မောင်းပြန်လွယ်ပြီး ပါဝင်တိုက်ခိုက်နေသူတွေ များစွာ များစွာ ရှိကြတာကို ကျွန်တော်တို့ ဘယ်ခါမှ မေ့လျော့လို့ မဖြစ်စကောင်းပါ။ ကဗျာထဲက အသက် ၆၀ နားကပ်သွားတာ နာတယ်ဆိုပြီး မိခင်နဲ့ အိမ်မှာ ကျန်နေခဲ့တဲ့ ဒီအစ်ကိုကြီး ဆိုသူက သူ့ရဲ့ နွေဦးညီမလေးရဲ့ အိမ်အပြန်ကို မျှော်နေသလို ကျွန်တော်တို့အားလုံးဟာလည်း နွေဦး သူရဲကောင်းမလေးတွေရဲ့ အောင်ပွဲအပြန် အိမ်အပြန်ကို မေတ္တာပို့သရင်း၊ သူတို့ရဲ့ ကောင်းကင်တဝက် ထမ်းရွက်မှုကို အလေးအမြတ်ပြုရင်း မျှော်လင့်ကြရအောင်ပါ ခင်ဗျား။
Embed this episode
No transcript yet.