နွေဦးထဲက ကဗျာ၊ ကဗျာထဲက နွေဦး (၁၁၁)
from DNA Podcast Hosted by delta news agency
နွေဦးထဲက ကဗျာ၊ ကဗျာထဲက နွေဦး (၁၁၁) ဗညားမော် ဒီလို အချိန်မျိုးမှာရော ဒီလို အချိန်မတိုင်ခင်ကတည်းကပါ ကဗျာတွေ အရေးအသားတွေထဲမှာရော နိုင်ငံရေးသုံးသပ်ချက်လို အပြောအဆိုတွေထဲမှာပါ ကျွန်တော်တို့ရဲ့ နိုင်ငံကို ရည်ညွှန်းတဲ့အခါ ကျရှုံးနိုင်ငံဆိုတဲ့ အသုံးအနှုံးမျိုးကို သုံးနှုန်းလာခဲ့ကြတာပေါ့ခင်ဗျာ။ တချို့သူတွေက ခံစားချက်တွေနဲ့ သွားကြပြီး တချို့သူတွေကတော့ အချက်အလက်တွေ ယုတ္တိတွေနဲ့ တည်ဆောက်ကြတာပေါ့။ လူပြိန်းပြောပြောကြရင်တော့ နိုင်ငံပျက်သွားပြီ နိုင်ငံပျက်ဖို့ ဦးတည်နေပြီပေါ့။ မတရားမှုတွေကလည်း စိုးမိုးလို့။ နိုင်ငံသားတွေရဲ့ ဘေးကင်းလုံခြုံမှုကလည်း စိုးရိမ်ရေမှတ်အထက် အတော်ကြီးကို ကျော်လွန်နေ။ စစ်မက်တွေကလည်း ဖျက်ဆီးထားလို့ ရွာတွေ မြို့တွေပျက် လူတွေဟာ စစ်ပြေးနေကြရ၊ နိုင်ငံပြေးနေကြရ။ နိုင်ငံအရာဝင်ရုံဆိုတဲ့ အချက်အလက်တချို့ကလည်း မထင်မရှား၊ ဘယ်ရှင်လူ ဘယ်နိုင်ငံကမှ မရိုသေ။ နိုင်ငံရဲ့ အစိုးရအဖွဲ့က အာဏာလုစစ်ဂိုဏ်အုပ်စုလား၊ ရုန်းကန်တိုက်ခိုက်နေဆဲ ပြည်သူလူထုရဲ့ ရှေ့က အဲန်ယူဂျီနဲ့ အီးအာရ်အိုတွေလား။ သီအိုရီတွေ သတ်မှတ်ချက်တွေနဲ့ ပြောကြဆိုကြမယ် ဆိုရင်ဖြင့် နိုင်ငံက ကျရှုံးနိုင်ငံ ဖြစ်နေပြီ နိုင်ငံပျက်ဖြစ်နေပြီ လို့ စာရင်းသွင်းကြမှာပဲ။ တကယ်တမ်းမှာတော့ နိုင်ငံသားတွေရှိနေတယ်။ ဆယ်စုတွေချီပြီး ရာစုရဲ့ တဝက်ကျော်အထိ ဗားရှင်းအမျိုးမျိုးနဲ့ ဖိနင်းထားတဲ့ စစ်အာဏာကို ထမ်းပိုးလှန်ချဖို့ ရုန်းကန်နေတဲ့ တော်လှန်ရေးသမားတွေ ရှိနေတယ်။ တူမီးက စပြီး ဒရုန်းအထိ တိုးတက်ဖွံ့ဖြိုးမှုတွေရှိတယ်။ လေလှိုင်းအစိုးရကနေ နိုင်ငံနဲ့ ဒေသဆိုင်ရာ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေက တိုးတိုးတမျိုးကျယ်ကျယ်တဖုံ အရာသွင်းဆက်ဆံလာရတဲ့ နွေဦးအစိုးရ ရှိတယ်။ စခန်းသိမ်း မြို့သိမ်းတွေနဲ့ ပိုင်နက်နယ်မြေကို တစ တစ ခိုင်မာအောင် ချဲ့ထွင်တည်ဆောက်လာနိုင်တဲ့ တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေ ရှိတယ်။ ဒုက္ခဆင်းရဲမှန်သမျှ မပြေလည်မှု မှန်သမျှ ကြေကွဲဝမ်းနည်းရမှု မှန်သမျှ မရပ်စဲသေးပေမဲ့ ခါးစည်းခံ ရုန်းကန်နေတဲ့ ပြည်သူလူထုကြီးရဲ့ နွေဦးနဲ့ နိုင်ငံသစ်အပေါ် ယုံကြည်မျှော်လင့်ချက်တွေဟာ ခိုင်ခိုင်မာမာ ရှိနေသေးတယ်။ အချက်အလက်အရပဲဖြစ်ဖြစ် ခံစားချက်အရပဲ ဖြစ်ဖြစ် ကျရှုံးနိုင်ငံလို မပြောမိလိုက်ပါစေနဲ့။ နိုင်ငံတော်ဆိုတဲ့ စကားရပ်ဟာ ဘုရားသခင်ဆိုတဲ့ စကားရပ်လိုပဲ ယုံကြည်သူတွေရဲ့ အမွန်အမြတ်ထားအပ်တဲ့ အရာ ဖြစ်ပါတယ်။ တိုက်ခိုက်ရုန်းကန်နေကြသူတွေအတွက် စိတ်အားတင်း ရည်မှန်းရာ အလံတံခွန် ဖြစ်ပါတယ်။ ဒီအလံ တလူလူ လွင့်ရမယ် ဆိုတဲ့ တစုတစည်း ယုံကြည်မျှော်လင့်ချက် ရှိနေသမျှ ဒီနိုင်ငံဟာ မပျက်သေးပါဘူး ဒီကမ္ဘာဟာ မပျက်သေးပါဘူး ဒီလောကဟာ မပျက်သေးပါဘူး။ နွေဦးကဗျာဆရာတယောက်က အတည်ပြုတယ် ကမ္ဘာ မပျက်သေးပါဘူး။ နွေဦး ကဗျာတွေနဲ့ နွေဦးကဗျာဆရာတွေဟာ တခါတရံ လာရာလမ်းကို မှန်းဆဖို့ ကျွန်တော်တို့အတွက် ခက်ခဲပါတယ်။ အဆင့်ဆင့် ရောက်လာတယ်။ မူရင်းထွက်ပေါ်ရာကို မှန်းဆဖို့ အတည်ပြုဖို့ ချက်ချင်းမရနိုင်တာမျိုး ရှိတတ်ပါတယ်။ ဇာတ်ပေါင်းခန်း ရောက်ရင်တော့ ကျွန်တော်တို့ဟာ ဥစ္စာရင်းပိုင်ရှင် ကဗျာဆရာတွေကို ရှာဖွေ တွေ့ရှိနိုင်မယ် ထင်ပါတယ်။ နွေဦးဆီ လွင့်ပျံလာပြီး နွေဦးထဲ အားတင်းရွတ်ဖတ်ဖွယ် နွေဦးကဗျာတပုဒ်ဖြစ်တဲ့အတွက် ကျွန်တော်တို့ ကဗျာ ဖတ်ကြရအောင်။ ကဗျာဆရာ ကြယ်ငေးရဲ့ ကဗျာဖြစ်ပါတယ်။
Embed this episode
No transcript yet.