နွေဦးထဲက ကဗျာ၊ ကဗျာထဲက နွေဦး (၁၁၃)
from DNA Podcast Hosted by delta news agency
နွေဦးထဲက ကဗျာ၊ ကဗျာထဲက နွေဦး (၁၁၃) ဗညားမော် အာဏာသိမ်းမှုက စလိုက်တဲ့ ပဋိပက္ခ၊ အာခံဆန့်ကျင်ခြင်း၊ လမ်းလုံးပြည့် မြို့လုံးပြည့် သပိတ်ဆန္ဒပြမှုများ၊ အကြမ်းဖက်နှိမ်နင်းခြင်း၊ တော်လှန်ရေး၊ စစ်ပွဲ။ စစ်ပွဲကို စစ်ပွဲလိုတိုက်ကြသလား။ စစ်ပွဲတခုရဲ့အနှစ်သာရဟာ လူသတ်ခြင်းမဟုတ်၊ လက်စားချေနှိပ်စက်ညှင်းပန်းခြင်းမဟုတ်၊ နှစ်ဘက်စစ်အင်အားရဲ့ အလွန်က အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ထိပါးစော်ကား ဒုက္ခပေးခြင်းမဟုတ်။ စစ်ပွဲဟာ အားကစားပွဲတော့မဟုတ်ပေမယ့် ချက်အောက်ထိုးတဲ့ လက်သီးချက်တွေဟာ စစ်ပွဲကို ညစ်ညမ်းစေတယ်။ စစ်ပွဲမှာ လူတွေသေကြေပျက်စီး၊ မြို့ရွာတွေ ဖုန်းဆိုးကွင်းပြင်ဖြစ်တာ တွေဟာ ရှောင်လွှဲလို့မရဘဲ လူတွေသတ်ဖြတ်ပုံ သတ်ဖြတ်နည်း၊ မြို့ရွာတွေ ပျက်စီးပုံ ပျက်စီးနည်းတွေဟာ စစ်ရာဇဝတ်မှု ဆိုတဲ့ ခေါင်းစဉ်အောက်ကို ရောက်ပြီဆိုရင် အချိန်တခုမှာ အရိုးတွန်သံကိုကြားရမှာ မုချ။ မြို့ရွာတွေက အရိုးတွန်လိမ့်မယ်။ လူမဆန်အောင် ညင်းပန်းသတ်ဖြတ်ခံရတဲ့ လူတွေက အရိုးတွန်လိမ့်မယ်။ ခေတ်ကဆောင်နှင်းလာတဲ့ နည်းပညာတွေရဲ့ အားသာမှုတွေကြောင့် အရိုးတွန်သံတွေဟာ ဗီဒီယိုကလစ်တခုကတဆင့် ခင်ဗျားရဲ့မျက်ဝန်းထဲသဲနဲ့ပက်ထည့်လိုက်လိမ့်မယ်။ ခင်ဗျားရဲ့ နားထဲကိုသံရည်ပူလောင်းထည့်လိုက်လိမ့်မယ်။ ခင်ဗျားရဲ့ နှလုံးသားထဲကို ဆူးချွန်နဲ့ထိုးမွှေလိုက်လိမ့်မယ်။ ကျွန်တော်တို့ဟာ ဒီမြောက်ခင်ရန်းမှတ်တမ်း ဗီဒီယိုဟာ မြုပ်နေတဲ့ရေခဲတောင်ကြီးရဲ့ ရေပေါ်ပေါ်ထွက်လာတဲ့ ထိပ်ပိုင်း ကိုးပုံ တပုံ၊ သို့မဟုတ် ကိုးဆယ့်ကိုးပုံတပုံလို့သာ မှတ်ယူလိုက်ပါတော့။ ဒီလိုလူမဆန်တဲ့ နှိပ်စက်သတ်ဖြတ်မှုတွေနဲ့ ဒီလိုသတ်ဖြတ်ပျော်ပါးနေပုံတွေကို စစ်မြေပြင်တွေမှာ၊ စစ်ကြောရေးတွေမှာ ဘယ်သူသေရဲသလဲကွဆိုတဲ့ လမ်းပေါ်သပိတ်နှိမ်နင်းမှုတွေ မှတ်တမ်းပေါင်းထောင်သောင်းချီ သိုမှီးထားပြီးဖြစ်တယ်ဆိုရင် ဒီဂရီသာကွာလိမ့်မယ်၊ ဒီလို လူစိတ်ပျောက်သားသတ်သမားတွေကို စစ်ဂိုဏ်းအုပ်စုဟာ ဘယ်လို လေ့ကျင့်မွေးမြူ လမ်းညွှန်လှုံ့ဆွထားခဲ့မယ်ဆိုတာကို သဘောပေါက်လိုက်ကြပါတော့၊ အတည်ပြုသတ်မှတ်လိုက်ကြပါတော့။ ဒီလိုလူသားတွေကို လူသားစိတ်မဲ့အောင် လေ့ကျင့်ပေးပြီး သားရဲစိတ်ကိုနှိုးဆွပေးတဲ့ စစ်အာဏာဝါဒီအုပ်စုဟာ ဒီနည်းနဲ့ပဲ ကြီးထွားခိုင်ခန့် လာခဲ့တာပဲလား။ အရေးအခင်းအကြိမ်ကြိမ်မှာ သာမန်ပြည်သူများရာစုဟာ ဒီသွေးရဲသံရဲရဲ့ ရက်စက်မှုတွေရဲ့ အောက် ငြိမ်ဝပ်ပိပြားခဲ့ကြတာတွေဟာ ဒီတကြိမ်မှာတော့ အဆုံးတိုင် ထ ရပ်လိုက်ကြရပါလိမ့်မယ်။ မီးကို မီးနဲ့ပဲ ငြှိမ်းသတ်ကြရတော့မယ့် အဖြစ်တွေကို အဆုံးတိုင် ကပြကြရမယ့် ဇာတ်နာခြင်း။ ဒါပေမယ့် ပြည်သူလူထုနဲ့ နွေဦးတော်လှန်ရေးက တန်ပြန်တိုက်တဲ့ မီးတောက်ဟာ အမှိုက်တွေကိုသာ လောင်ကျွမ်းမယ့် အင်ဂျင်ဆလင်ဒါတလုံး အတွင်းက အတွင်းမီးလို စွမ်းအင်ကိုသာ လိုရာသုံးထုတ်ဖို့ လောင်ကျွမ်းတဲ့မီးဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ သုံးနှစ်သား တော်လှန်ရေးစစ်တပ်တွေဟာ လူသားဆန်ပြီး စစ်ကို စစ်လိုတိုက်တယ်ဆိုတာ သာဓကများစွာကို ကျွန်တော်တို့ မြင်ကြပြီး ဖြစ်ပါတယ်။ ဒါကြောင့် နှစ် (၇၀) စစ်တပ်ကြီးထဲက စစ်သားတွေဟာ ဒီဘက်တပ်တွေဘက်ကို သူတို့ရဲ့အသက်ကို စိတ်ချရတဲ့ လက်နက်ချ အညံ့ခံရာအဖြစ် ယုံမှတ်အလံဖြူပြ ခိုဝင်လာတဲ့ဖြစ်စဉ်တွေရှိခဲ့တာပေါ့။ ကျွန်တော်တို့ရဲ့ နွေဦးကဗျာဆရာဟာ သားသတ်သမားစစ်တပ်လက်ကို ကျရောက်သွားတဲ့ ရဲဘော်လေးနှစ်ဦးရဲ့ လူမဆန်အညှင်းပန်းခံ အရှင်လတ်လတ်မီးရှိူ့ အသတ်ခံရတဲ့နာကျင်မှုကို ဆုံးအောင်ကြည့်လိုက်ရတယ်။ လူဆိုးတွေ မိစ္ဆာတွေက ဘုရားသခင် ပေးသနားတော်မူတဲ့ မီးကို ဘယ်လိုအလွဲသုံးစား လုပ်ခဲ့သလဲ။ အဲဒီမီးထဲက ထွက်လာတဲ့နာကျင်မှု၊ သတ္တိ၊ ယုံကြည်မှုနဲ့ ပြန်တောက်လောင်မယ့်မီးဟာ ဘုရားသခင်ရဲ့ကူပံ့မှုတ်တော်မူခြင်းနဲ့အတူ ဘယ်လိုအပြီးသတ် ဇာတ်သိမ်းကြမလဲ။ ကဗျာဆရာ နှင်းခါးမိုး ရဲ့ “ကိုးမိနစ်စာ နာကျင်မှုကို ဆုံးအောင်ကြည့်ပြီးတဲ့နောက်” ကဗျာကိုအပြည့်အစုံနားဆင်တော်မူကြပါ ခင်ဗျား ။
Embed this episode
No transcript yet.