နွေဦးထဲက ကဗျာ၊ ကဗျာထဲက နွေဦး (၁၁၆)
from DNA Podcast Hosted by delta news agency
နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၁၁၆ ဗညားမော် နွေဦးထဲက ကဗျာတွေဟာ အနိဋ္ဌာရုံတွေ များတယ်။ စစ်နဲ့ တော်လှန်ရေးဆိုတာ သွေးသံတွေနဲ့ သေကျေခြင်းတွေနဲ့။ ဘယ်လောက် ကောင်းမြတ်တဲ့ ရည်ရွယ်ချက်တွေပဲ ထားထား တဖက် အင်အားစုဟာ မာန်နတ်ရဲ့ လက်ပွားလက်ဆွယ်တွေ ဖြစ်တဲ့အတွက် လက်နက်တွေကိုင်ပြီး ဖက်ပြိုင်ရတဲ့ စစ်ပွဲတွေဟာ တော်လှန်ရေးရဲ့ အရေးကြီးတဲ့ အခန်းတွေ ဖြစ်လာနေပြီဆိုရင် အနိဋ္ဌာရုံတွေကနေ ပြေးမလွတ်နိုင်တော့။ နွေဦးထဲမှာ သေမင်းရဲ့ တဟားဟားရယ်သံတွေဟာ မိစ္ဆာတွေရဲ့ မုသားတွေနဲ့ လိမ်းကျံထားလို့။ စစ်လေယာဉ်ပျံတွေဟာ ရှာဖွေရခက်တဲ့ စစ်ရေးပစ်မှတ်တွေထက် အလွယ်တကူ မြင်ရတဲ့ အရပ်ဖက် ပစ်မှတ်တွေပေါ်ကို ဗုံကြဲတယ်။ ပစ်ခတ်တယ်။ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ ဘုရားရှိခိုးကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ။ ဒီနေရာတွေဟာ အရပ်သား စစ်ပြေးဒုက္ခသည်တွေပဲ လာရောက် ခိုလှုံနေတဲ့ နေရာတွေကွ။ အော်ပြောနေလို့လည်း မကြားနိုင်ကြ။ လေသူရဲတွေဟာ နားကန်းနေကြပြီး။ မျက်စိကန်းနေကြပြီး။ အဆိုးဆုံးဟာ ဉာဏ်ကန်းနေကြပြီး ဖြစ်နေတယ်။ နွေဦးကဗျာတပုဒ်ထဲမှာ “အခုတော့ လေယဥ်သံကြားရင် သေခြင်းတရား သေခြင်းတရား” ဆိုတဲ့ ကဗျာလိုင်းဟာ အကြောက်တရားနဲ့ အတူ၊ လောကဓာတ်ထဲက ရာသီဥတုအအေးဒဏ်နဲ့အတူ တုန်ယင်နေတော့တယ်။ အသက်ရှိတာ ဆိုရင် မြက်တောင် လာမဖြစ်စေနဲ့ ဆိုတဲ့ နာနာကြည်းကြည်းဆုတောင်းသဘောမျိုး ကဗျာထဲ ထပွက်တယ်။ သူရဲကောင်းတွေ၊ သားကောင်တွေ ဒီနွေဦးရဲ့ သားသတ်သမားလက်ထဲ ကျေပြုန်းသွားရတဲ့ အခါမျိုးမှာ ဒီနိုင်ငံမှာ နောက်ဘဝ လူလာမဖြစ်စေနဲ့လို့ ဆုတောင်းမျိုး ခဏခဏ ကြားရပုံမျိုးပေါ့။ တချို့ ကဗျာဆရာတွေဟာလည်း နိုင်ငံတော်ဆိုတဲ့ နာမ်ရဲ့ ရှေ့မှာ မုန်းစိတ်နာတဲ့ ခံစားချက်ကို ထုတ်ပြတဲ့ နာမဝိသေသနအမျိုးမျိုး ဆွဲကပ်ကြတယ်။ ဒီမြေကိုတော့ မကျိန်ဆဲကြပါနဲ့တော့။ ဒါပေမဲ့ ဒီမြေဟာ သတ်ဖြတ်မှုတွေနဲ့ အတိပြီးနေတာလား။ ကျွန်တော်တို့ အခု ဖတ်လိုက်ရတဲ့ နွေဦးကဗျာထဲမှာတော့ ကဗျာဆရာဟာ ဖျတ်ခနဲဆို သူ့ရဲ့ ဖြစ်ဖြစ်မြောက်မြောက်မရှိလှတဲ့ ခြံဝင်းမြေလေးဆီ ပြောင်းကြည့်လိုက်တယ်။ မြေဩဇာလိုနေမှန်းသိသိနဲ့ ထိုင်ကြည့်နေရတာ သုံးနှစ်တိတိလွန်မြောက်ခဲ့ပြီတဲ့။ ခက်တာပဲ။ စစ်နဲ့ တော်လှန်ရေးကြီးကို ဖြတ်သန်းရတဲ့အခါ အသက်နဲ့ သွေးတွေက ဒီမြေကြီးထဲ မြေဩဇာအဖြစ် စုပ်ယူခံလိုက်ရသလိုပဲ။ အမှိုက်အသိုးတွေရော လတ်ဆတ်တဲ့ စိမ်းမြပုရစ်ဖူးတွေရော ဒီကျိန်စာသင့် မြေထဲကို ယာဇ်ပူဇော်သလို မြှုပ်နှံလိုက်ကြရတယ်။ ကျွန်တော်တို့ ဆီမှာမှ မဟုတ် ကမ္ဘာကြီးဟာ မလုံခြုံတော့ပြီလား။ ကျွန်တော်က မြန်မာကဗျာဆရာ ဟန်နရီမိုးရဲ့ “ကမ္ဘာဟာ မလုံခြုံတော့မှန်း/ အားလုံး သိသွားအောင်လို့/ လရောင်ကို ဖောက်ခွဲပစ်လိုက်ရအောင်” ဆိုတဲ့ ကဗျာလိုင်းတွေကို သူ့ပို့စ်ထဲကနေ ဖတ်လိုက်ရပြီး မရှေးမနှောင်းမှာပဲ ပါလက်စတိုင်းကဗျာဆရာ မိုဆဗ် အဘူတိုဟာရဲ့ ပို့စ်ထဲက ကဗျာမှာတော့ “ခေါင်းပေါ်က လဟာ/ လ မဟုတ်ချေဘူး” တဲ့။ မြန်မာ၊ ဂါဇာ၊ အိုဒက်ဆာ အစရှိတဲ့ မြေကမ္ဘာက ကျိန်စာသင့် နေရာတွေမှာ ကဗျာဆရာတွေဟာ လမင်းကို ဆွတ်ပျံ့ဖွယ်အောင် မော့ကြည့်မနေနိုင်တော့။ ငါတို့ဟာ ငရဲရဲ့ အထပ် တထပ်ကို လူအဖြစ်နဲ့ထင် ရောက်နေကြရတာလား။ ကဗျာဆရာ ဟန်နရီမိုးကတော့ ငရဲရဲ့ ပထမထပ်လို့ ဆိုလိုက်ချေရဲ့။
Embed this episode
No transcript yet.