နွေဦးထဲက ကဗျာ၊ ကဗျာထဲက နွေဦး (၁၁၈)
from DNA Podcast Hosted by delta news agency
နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၁၁၈ ဗညားမော် နွေဦးမှာ ကဗျာနိမိတ်ပုံတွေဟာလည်း နွေဦးနဲ့ အလိုက်အထိုက် ဖြစ်နေကြရ။ ကဗျာဆရာဟာ သူ့ကဗျာကို ဒီလို စတင်တတ်လာတယ်။ “ဒရုန်းလေယာဉ်တွေလိုပေါ့/ ကဗျာကို မင်းဖတ်နေချိန်မှာ ကဗျာရေးတဲ့သူက အဝေးကနေ ထိန်းသိမ်းပို့ဆောင်ခဲ့တာပါ” ပေါ့။ စစ်ပွဲတွေမှာ ဒရုန်းတွေ ရောက်လာသလို ကဗျာတွေထဲမှာလည်း နွေဦးကဗျာရဲ့ ပရိဘောဂတွေ အဖြစ် ဒရုန်းတွေဟာ တဇီဇီ မြည်ပြီး ရောက်ချလာတယ်။ ငြိမ်းချမ်းရေးကာလမှာ ဒရုန်းတွေ ရာနဲ့ချီပြီး ပွဲတော်ညတွေရဲ့ ကောင်းကင်မှာ အလင်းစက်တွေနဲ့ ဂရပ်ဖစ်အမျိုးမျိုး စည်းကိုက်ဝါးကိုက် ပဉ္စလက်ပြခင်းကျင်းခဲ့တာကို ကြည့်ခဲ့ရသူတွေဟာ ကမ္ဘာအနေရာရာက ဖြစ်လာတဲ့ စစ်ပွဲတွေမှာ ဒရုန်းတွေရဲ့ အရာရောက်မှုက စစ်သတင်းတွေမှာ ကြားသိလာခဲ့ရပြီ။ စစ်လက်နက် ထုတ်လုပ်တဲ့ နိုင်ငံပိုင်နဲ့ ပုဂ္ဂလိကပိုင် လုပ်ငန်းကြီးတွေကလည်း ဒရုန်းစင်းရေ သောင်းနဲ့ ချီ ထုတ်လုပ်နေကြပြီ။ ကျွန်တော်တို့ဆီမှာတော့ အာဏာလု စစ်ဂိုဏ်းအုပ်စုဟာ လူထုဘဏ္ဍာငွေထဲက စိတ်ကြိုက်ဘတ်ဂျက်နဲ့ ဖြည့်ဆည်းထားတဲ့ သူတို့ စစ်တပ်ထဲမှာ ဒရုန်းတွေကို ဘယ်လိုဝယ်ယူစုဆောင်းထားနှင့် ခဲ့ကြသလဲ။ ကနဦးကာလတွေမှာတော့ ဆန္ဒပြပွဲတွေ အရှိန်ဟုန်ပြင်းပြင်း ပေါက်ကွဲလာကတည်းက ရပ်ကွက်တွေထဲ ဒရုန်းဝဲသံတွေ ကြားရဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့။ ဒရုန်းတွေကို စုံစမ်းထောက်လှမ်း အကဲကြည့်ဖို့ သုံးခဲ့ဟန်တူတယ်။ တူမီးက စခဲ့ရတဲ့ နွေဦးတော်လှန်ရေးတပ်တွေဟာလည်း အရပ်သုံး ဒရုန်းလေးတွေနဲ့ လက်လုပ်ဒရုန်းလေးတွေနဲ့ စတင်ပြီး ချဗုံးတွေနဲ့ စစ်ဂိုဏ်းအုပ်စုတွေကို စပြီး ဒုက္ခပေးနိုင်ခဲ့တာ။ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ ဂျက်ဖိုက်တာတွေ ဖြည့်ဆည်းပြီး တော်လှန်ရေးတပ်ဖွဲ့တွေကိုသာမက အရပ်သားပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အန္တရာယ်ပေးနေတဲ့ လေတပ်ကြီး အားကိုးပြုထားတဲ့ စစ်တပ်ကို နွေဦးတပ်ဖွဲ့တွေဟာ ဒရုန်းတွေနဲ့သာ ပြန်ခံခဲ့ရတယ်။ ဒါပေမဲ့ သိန်းစွန်ငှက်က စိုးမိုးထားနိုင်စွမ်းကို ပိတုန်းတွေရဲ့ များရာစုအင်အားနဲ့ မြောက်ပိုင်းစစ်မြေပြင်တွေမှာ အောင်မြင်အောင် ခံ့ညားအောင် ဆော်ထည့်နိုင်ခဲ့တယ်။ အခုတော့ နွေဦးကဗျာတွေကိုပါ ဒရုန်းယာဉ်တွေလို နွေဦးကဗျာဆရာက လွှတ်လိုက်ပါသတဲ့။ ကဗျာဆရာ မောင်သော်တာရဲ့ စနေဂြိုဟ်ကဗျာ ဖြစ်ပါတယ်။
Embed this episode
No transcript yet.