နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၅၅
from DNA Podcast Hosted by delta news agency
ဗညားမော် နွေဦးထဲမှာ မဖြစ်မနေ နှင်ကြရင်း ရင်ခေါင်းသံတွေ ကြားလိုက်ရသလား။ သို့မဟုတ် ရင်ခေါင်းသံတွေ ထုတ်လိုက်မိကြသလား။ အဲ့သဟာ နွေဦးထဲက ကဗျာပါပဲ။ ကဗျာဆိုတာ ဘာ ဆိုတဲ့ ဖွင့်ဆိုချက်တွေ အထောင်အသောင်း ရှိခဲ့ဖူးပါပြီ။ အခု ကျွန်တော်ပြောတဲ့ ကဗျာဆိုတာ နွေဦးရင်ခေါင်းသံဆိုတဲ့ အဆိုလေးကို ယာယီမျှ ဖြစ်စေ တို့မှတ်ပေးထားပါ။ ဒီမှတ်ချက်လေးချဖို့ ကဗျာဆရာတစ်ဦးရဲ့ ကဗျာတစ်ပုဒ်ကနေ ဆင့်ပွားတွေးတောလိုက်မိတာပါ။ ပျော်ရွှင်ဖွယ် နိဂုံးကို တစ်လုံးတစ်ဝ ရကြလိမ့်မယ်လို့ ယုံကြည်မျှော်လင့်မှုတွေ ပီပီပြင်ပြင် ဝင်လာနေစဉ်မှာပဲ ဖြစ်ဖြစ် နွေဦးကို မဖြစ်မနေ အားတင်းနှင်နေကြရတဲ့ သူတွေမှာ ရင်ခေါင်းသံနဲ့ ကျယ်ကျယ်လောင်လောင်ဖြစ်စေ အံကြိတ်ပြီး အသံတိတ်ဖြစ်စေ ဖွင့်ထုတ်လိုက်ချင်တဲ့ စကားတွေဟာ ရှိနေမှာပါပဲ။ ဒါပေမဲ့ လူတိုင်း ကြားနိုင်ကြပါ့မလား ကျွန်တော် သံသယရှိမိတယ်။ ကျွန်ုပ်တို့ရဲ့ တစ်ခါတစ်ရံ ကွမ်းတမြုံ့မြုံ့နဲ့ တွေ့ရတတ်တဲ့ ပိန်ပိန်ပါးပါး ဖြူရော်ရော် တရုတ်လိုလို ဗီယက်နမ်လိုလို ကဗျာဆရာကတော့ သူ့ရဲ့ ရင်ခေါင်းသံဆိုတဲ့ ကဗျာထဲမှာ “လက်လုပ်ဗုံးစမ်းသပ်ရင်း / ပွဲမဝင်ခင်နုတ်ထွက်သွားရတဲ့လူငယ်လေးရဲ့အလှကို/ မျက်ရည်နဲ့ တောက်ခေါက်သံတွေကပဲ မြင်သိနိုင်ကြ” လို့ ဆိုလိုက်တာပဲ။ ဆောရီးပါ ခင်ဗျာ။ နွေဦးထဲက ကဗျာတွေကို တောနက်ထဲ အမဲလိုက်သလို ရှာဖွေရင်းကနေ ကဗျာထဲက နွေဦးကို မှတ်တမ်းတင်ခွင့် ယူနေတဲ့ ကျွန်တော်ကတော့ နွေဦးရဲ့ အလှတွေ တန်ဖိုးတွေ တနင့်တပိုး မြင်နေ သိနေရပါတယ်။ အဖန်ဖန် ဖြစ်ပျက်နေကြရတာကို အကဲခတ်ရင်း အရိုးထဲက နာလောက်အောင် လှပတဲ့ ပေးဆပ်စွန့်လွှတ်ခြင်း အလှတွေကို ဖူးရသလို တရွေ့ရွေ့တက်ပြီး တဖြည်းဖြည် အောင်ပွဲဆီ ချင်းနင်းနေတဲ့ နုပျိုတဲ့ ခြေလှမ်းတွေရဲ့ စစ်မှန်ခြင်းနဲ့ ရယူခြင်းအလှကိုလည်း ဦးခိုက်နေရပါတယ်။ ရဲရဲပွင့်နေကြတဲ့ နွေဦးကဗျာတွေရဲ့ အလှကို ကျွန်တော်စွမ်းသမျှ တင်ဆက်မှုအနုပညာနဲ့ ပြည်သူလူထုရှေ့မှောက်ကို ယူဆောင်လာပေးပါတယ်။ အခု ကျွန်တော် ဖတ်ပြမယ့် ရင်ခေါင်းသံ ကဗျာထဲကလိုပဲ မသက်ဆိုင်သူတွေ ကြားဖို့ မထိုက်တန်လွန်းတဲ့ အလှတွေ ဖြစ်ပါတယ်။ ဆရာတင်မိုးရဲ့ အလှကိုယ်စီကဗျာထဲကလို အလှဝန်တို မငြင်ငြိုနဲ့ ဝန်တိုမှုသာ မလှရာတည့် လို့ ဆိုထားရှိပေမဲ့ ဝန်တိုရုံမက နွေဦးရဲ့ အလှ ရဲရင့်တဲ့ အလှကို ဖန်တီးတဲ့ သူတွေကို အန္တရာယ်ပေးနိုင်တဲ့ မထိုက်တန်သူ ရန်သူတွေရဲ့ ဘေးကလည်း ကင်းရအောင် ကျွန်တော်ဟာ ဒီအစီအစဉ်ရဲ့ ပဓာနအကျဆုံး ကဗျာဆရာတွေရဲ့ အရပ်၊ ခွင်၊ အဆင်ကိုကြည့်ပြီး အမည်မတပ် ကဗျာဆရာ poet of no name တွေရဲ့ ကဗျာတွေအဖြစ် တင်ဆက်နေရတာကိုသာ သက်ဆိုင်သူကဗျာဆရာတွေနဲ့ နားဆင်သူများ နားလည် ခွင့်လွှတ်ပေးကြဖို့ ထပ်မံတောင်းဆိုလိုပါတယ်။ အခု နွေဦးရဲ့ ရင်ခေါင်းသံ စစ်စစ် အသံတစ်သံကို ကျွန်တော်တို့ နားဆင်ကြည့်ရအောင်ပါ။ ပျော်ရွှင်ဖွယ် နိဂုံးကို အဆုံးသတ်နိုင်တဲ့ အချိန်မှာဖြင့် ဒီနွေဦးကဗျာဆရာတွေရဲ့ လူကိုယ်တိုင် ဖတ်ပြ ရွတ်ပြမယ့် နွေဦးကဗျာပွဲတော်ကို ကျွန်တော်တို့ သင့်လျော်ရာ အခင်းအကျင်းတစ်ခုမှာ တင်ဆက်ခွင့် ရလိုက်ချင်စမ်းပါဘိ။
Embed this episode
No transcript yet.