Skip to content
နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၅၈ episode artwork

Jan 21, 2023 7 min

နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၅၈

from DNA Podcast Hosted by delta news agency

ဗညားမော် နွေဦးထဲမှာ တစ်ကိုယ်ရေ ဘဝတွေအတွက် ကြေကွဲရတာတွေ ရှိတာပေါ့။ ဒါပေမဲ့ အမိတိုင်းပြည်အတွက် ကြေကွဲရလွန်းလို့ သူတို့ဟာ ကိုယ့်ကြေကွဲမှုကို ကိုယ်ဖော့ထားရတယ်။ မှတ်တမ်းတင်ဖို့ မလိုပါဘူးလို့ ရိုးရိုးသားသား ဆိုနေရင်းက ရင်တွင်းဝေဒနာတွေဟာလည်း စစ်စစ်မှန်မှန် ကဗျာထဲ ပါလာရတယ်။ ကဗျာဖတ်သူဟာ ကဗျာဆရာနဲ့ အနီးအဝေးအလျောက် အနီးကပ်တာနဲ့အမျှ ကဗျာဖတ်ရင်း ကြေကွဲရတာမျိုး ရှိတတ်ပါတယ်။ ပြောရိုးပြောစဉ် ဒီကဗျာဆရာတွေကို ကျွန်တော်ကတော့ စာဆိုစစ်သည်လို့ မရည်ညွှန်းလိုဘူး။ အမှန်တကယ်အားဖြင့် သူတို့ဟာ ကဗျာဆရာတွေအဖြစ်ပဲ ရှိနေတယ်။ သူတို့ရဲ့ အရွယ်အရ၊ စိတ်အားထက်သန်မှုအရ အရေးတော်ပုံတပ်သားဘဝကို ယာယီ ရွေးချယ်လိုက်ခြင်းသား ဖြစ်တယ်။ စစ်သည် စစ်သား ဖြစ်မသွား၊ ကဗျာဆရာ စင်စစ် ဧကန်ဖြစ်နေဆဲလို့ ကျွန်တော် ယုံကြည်နေတယ်။ ဘာကြောင့်ဆို ကဗျာဆရာအဖြစ်ကိုပဲ ဖြောင့်ဖြောင့်တန်းတန်း မက်မက်စက်စက် ဖြတ်သန်းမှု သမိုင်းတွေက ဟိုကွေ့မှာ ဟိုရုပ်နဲ့ ပေါ်လာပြီး ဒီကွေ့မှာ ဒီပုံနဲ့ မျက်နှာပြခဲ့သူတွေနဲ့ ကွာခြားလှတယ်။ အဲ့ဒီလို ကဗျာဆရာတွေနဲ့ သူတို့ရေးတဲ့ ကဗျာတွေဟာလည်း နွေဦးမှာ အခန်းတစ်ခန်းပါပဲ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကဖြင့် သူတို့ကို အိမ်ပြန်ချိန်လွန်မှာ စိုးရိမ်နေမိတယ်။ အရေးတော်ပုံထဲကို အလည်လွန်သူတစ်ယောက်လို မဟုတ်ဘဲ ရောက်ရှိသွား၊ ပုံမတော်ရင် ပထမကမ္ဘာထဲက တတိယနိုင်ငံတစ်ခုဆီထိလည်း ရည်ရွယ်ချက်မထား၊ ရပ်တည်မှုအနေအထားအရ ဒုတိယနိုင်ငံရဲ့ နယ်စပ်မျဉ်းနား သီပြီး ကိုယ့်မွေးရပ်နိုင်ငံမှာပဲ ခေါင်းချဖို့ အာသီသရှိတဲ့ ကဗျာဆရာတစ်ယောက်ရဲ့ ကဗျာကို ဒီတစ်ပတ် ကျွန်တော် ဖတ်ရတော့မယ်။ ဆိုခဲ့သလို ကဗျာဆရာနဲ့ ကဗျာဖတ်သူရဲ့ အဝေးအနီးက စကားပြောတော့ သူ့ကဗျာကို ကျွန်တော့်ဘာသာ ကျွန်တော် စိတ်ထဲက ဖတ်နေရင်းကို ကြေကြေကွဲကွဲဖြစ်ရတာ ကျွန်တော် ကြိုတင်ဝန်ခံချင်ပါတယ်။ ဒီကဗျာဆရာဟာ သူတို့ရဲ့ အဘိုးကဗျာဆရာ မင်းသုဝဏ်ရဲ့ သူ့မှာတမ်း ကဗျာထဲက အမောင်ပြောက်ကျားလို အားနာတတ်သူတစ်ယောက်လည်း ဖြစ်ပုံရတယ်။ သူ့ကဗျာထဲမှာ “နည်းနည်းတော့ အားနာမိတာပေါ့/ ပွဲမပြီးသေးဘဲ စကားတွေ ပြောမိလို့။//” သူက ဆိုလှာတယ်။ ဒါပေမဲ့ သူ့လို ကဗျာဆရာတွေ စကားပြောလို့ ရတဲ့အချိန်မှာ စကားပြောစေချင်ပါတယ်။ ဘာကြောင့်ဆိုတော့ နွေဦးရဲ့ တကယ့်မြေပြင်ထဲက ကဗျာတွေကို ကျွန်တော်တို့ ဖတ်ခွင့်ရနိုင်တာကြောင့်။ ဘာကြောင့်ဆိုတော့ နွေဦးရဲ့ တကယ့်ပြောရေးဆိုခွင့်ရှိသူတွေရဲ့ စကားတွေ ဖြစ်တာကြောင့်။ အဲ့ဒါကြောင့် သူ့ကဗျာထဲမှာ သူနံဘေးက အရေးတော်ပုံတပ်သားတွေရဲ့အကြောင်း “တိုင်းပြည်ချစ်စိတ်အတွက် ကိုယ့်တစ်ဘဝကို စတေး/ လူသူဝေးရာအရပ်မှာ မြေဆွေးဖြစ်သွားတယ်။” ဆိုတာမျိုး ကြေကွဲဖွယ် စာသားတွေ ပါလာနိုင်ပေမဲ့လည်း ကျွန်တော်တို့ ကဗျာဆရာက ကိုယ်တိုင်ကိုယ်ကျ အစိမ်းသက်သက် အရှင်လတ်လတ် တွေ့ကြုံခံစားရတာ၊ သူပြန်ပြောပြတဲ့ နွေဦးကြေကွဲကဗျာတချို့ကိုလည်း ကျွန်တော်တို့က ဘာကြောင့် နားမထောင်ရဲ ရှိရမလဲ။ တစ်ဆင့်ခံ ခွဲဝေခံစားနားမထောင်နိုင်စရာ အကြောင်း မရှိ။ ကျွန်တော်ရဲ့ ကဗျာခံစားမှု အသံလွှင့်အက်ဆေးလေးကို ပုဂ္ဂလိက မဆန်လိုတာကြောင့် အမည်နာမတွေနဲ့ နွေဦးအရေးတာ်ပုံရဲ့ နေရာအသီသီးမှာ ပုံစံအမျိုးမျိုးနဲ့ ရှိနေတဲ့ ချစ်သော ကဗျာဆရာများကို ထုတ်ဖော်တမ်းတခွင့်မရှိပေမဲ့ နာမည်ခေါ်လွမ်းရမယ့် ကဗျာဆရာတွေ ရှိနေကြောင့် အစီအရင် ခံပါရစေ။ အခု ဖတ်ပြမယ့် “အိမ်ပြန်ချိန်လွန် ညများ” ဆိုတဲ့ ကဗျာကို ရေးတဲ့ ကဗျာဆရာ ရင်ရိုးရဲ့ အမည်ကိုပဲ ဆီလျော်သက်ဆိုင်စွာ အမည်ဖော်လွမ်းဆွတ်လိုက်ပါတယ်။ သူ့ကဗျာရဲ့ နောက်ဆုံးပါဒများကို စိတ်နှစ်လေးနက် နားထောင်ကြည့်ပါခင်ဗျား။

Episode details come from the podcast's RSS feed.

Embed this episode

Ready to play

နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၅၈

0:00 7:11

No transcript yet.

Requests help us decide what to transcribe next.

Frequently asked questions

How long is this episode of DNA Podcast?

This episode is 7 minutes long.

When was this DNA Podcast episode published?

This episode was published on January 21, 2023.

Can I download this DNA Podcast episode?

Yes. Use the download control on the episode player to save the publisher-provided media file.