နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၆၀
from DNA Podcast Hosted by delta news agency
ဗညားမော် နွေဦးထဲက ကဗျာတွေဟာ လူထုဆီကို ပြန်လာတဲ့ ကဗျာတွေလို့ ဆိုရင် အငြင်းပွားဖွယ် မရှိနိုင်လောက်ပါဘူး။ ကဗျာဆရာတွေက ကဗျာအနုပညာဆီ အရှိန်အဟုန်ပြင်းပြင်း ချဉ်းကပ်ခဲ့ကြတာ ခေတ်ကနေ အရှိန်သတ်လိုက်တယ်လို့ ပြောချင်လည်း ပြောပါ။ ပြီး နွေဦးအရေးတော်ပုံတပ်သားတွေရဲ့ နှုတ်ဖျားကလည်း ကဗျာတွေ ပုရစ်ဖူးလို ချွန်ချွန်စူးစူး ဝေထွက်လာသေးတာ မဟုတ်လား။ သာမန်အားဖြင့် အီလစ်ကဗျာဆရာတွေ ကဗျာပါမောက္ခတွေက စိတ်ဝင်စားမှုနည်းနိုင်မယ့် နွေဦးကဗျာတွေက လူထုနဲ့ နွေဦးမှာ စူးစူးရဲရဲ ပွင့်လာခဲ့တာ။ ကဗျာဆရာ နေသွင်နိုင်းကတော့ ခပ်ရင့်ရင့် ခပ်ရှင်းရှင်းပဲ သူ့ကဗျာနဲ့ ကြေငြာလိုက်တယ်။ နွေဦးကဗျာကြေငြာစာတမ်းလို့လည်း ယူသော်ရ၏လို့ ဆိုလိုက်ချင်တာ။ ဖြတ်သန်းလွန်မြောက် အနည်ထိုင်သွားတဲ့ တစ်ချိန်မှာတော့ ပြန်လည်စစ်တမ်းကောက် အတည်ပြုလိုတယ် ဆိုရင် ပြုလို့ရအောင် ကဗျာ သမိုင်းဆရာတစ်ယောက် ဆိုရင်ဖြင့် မှတ်စုတေးထားလောက်တယ်။ သူက သာမန်အားဖြင့် လို့ပဲ သူ့ကဗျာကို ခေါင်းစဉ်တပ်ပါတယ်။ “သာမာန်အားဖြင့်”။ ကဗျာကို ဌာပနာရဖို့/ ကြယ်ငါးပွင့် အရသာ ငါငြင်းတယ်။// ကဗျာ တစ်ပါဒရဖို့/ မီးတောက်ကို လေချွန်ပြခဲ့တဲ့ ကောင်မို့/ မင်းတို့ သိင်္ဂီခွက်ထဲ/ငါ တံတွေးထွေးခဲ့တယ်။// ကျွန်တော်က ဒီလို တွေးလိုက်တယ်။ နွေဦးကဗျာတွေဟာ ခြင်္သေ့ဆီဟုတ်ချင်မှ ဟုတ်လိမ့်မယ်။ ဟုတ်ချင်လည်း ဟုတ်မယ်။ သိင်္ဂီရွှေခွက်ထဲ အထည့်ခံချင်တဲ့ သဘောတော့ လုံးဝမရှိ။ ဖြစ်ခြင်း ဖြစ်ရင် ခြင်္သေ့အလံ ဖြစ်ပြီး ခြင်္သေ့တို့ရဲ့ ရဲရင့်ခြင်းနဲ့ နွေဦးထဲ ဝှေ့ယမ်းပြနေလိုတဲ့ စိတ်တွေသာ ပြည့်လျှမ်းနေကြလိမ့်မယ်။ ပြီးတော့ နွေဦးကဗျာအများစုဟာ များသောအားဖြင့် အဖြောင့်သွားတယ်။ မြားတွေလို တည့်တည့် မှန်ရမှာကိုး။ ရှင်းရှင်း ရိုးရိုး ဖွဲ့တယ်။ ကျွန်တော်တို့ဟာ အဖြူ အမည်း ခေတ်ကြီးထဲ ပြန်ရောက်သွားတာကိုး။ အလင်း အမှောင် ရှင်းရှင်း ခွဲခြားကြရတာကိုး။ ရန် ငါ ထင်းထင်း ပြတ်ကြရတာကိုး။ ပြီး အကြောင်းအရာတွေက အားကောင်းတယ်။ အဖြစ်မှန်တွေက ပြင်းထန်တယ်။ ပြာလဲ့ကို ဇာချဲ့ဖို့ အချိန်မရှိ။ ဒီအခါ နွေဦးခေတ်ကဗျာတွေကို ကဗျာ သမိုင်းဆရာဟာ တစ်ချိန်မှာ ကွဲပြားခြားနားစွာ မှတ်တမ်းပြုရပါလိမ့်မယ်။ လူမဆန်လွန်းတဲ့ စစ်ဂိုဏ်းအုပ်စုရဲ့ မိစ္ဆာလုပ်ရပ်တွေနဲ့ လူထုဟာ လုံးထွေးသတ်ပုတ်နေရတာတွေ ဖြစ်တဲ့အတွက် မမြင်ဝံ့ မကြားဝံ့စရာတွေကို ကျွန်တော်တို့ နေ့တိုင်း ကြုံတွေ့နေရတယ်။ အင်တာနက်နည်းပညာနဲ့ အွန်လိုင်းပေါ်က လူမှုကွန်ရက်ထဲမှာ ကျွန်တော်တို့ဟာ တရားသူကြီးလည်း မဟုတ် ဆေးဆရာလည်း မဟုတ်ပေမဲ့ မကြားဝံ့ မမြင်ဝံ့တာတွေကို တိုးလျှိုပေါက် အမြောက်အမြား ကျွန်တော်တို့ရဲ့ လက်ကိုင်ဖုန်း မှန်ပြင်ပေါ်ကို နေ့စဉ်ရောက်နေတယ်။ မမြင်ဝံ့ မကြားဝံ့ စရာတင်မဟုတ် မြင်ရဖန်များလို့ ထုံသွား ဟုန်သွားလောက်ပေမဲ့ ကဗျာအဖြစ် ဖွဲ့လိုက်တဲ့အခါ မကြားရက် မဖတ်ရက်တာတွေလည်း ကြုံရနိုင်ပါတယ်။ ဒီနေရာမှာလည်း နေ့စဉ်နဲ့အမျှ နိုင်ငံသားတွေ သေကြေနေကြရတဲ့ အခြေအနေမှာ ဂုဏ်သိက္ခာ ရှိတဲ့ သေခြင်းနဲ့ ဂုဏ်သိက္ခာမဲ့တဲ့ သေခြင်းတွေကို ကျွန်တော်တို့မှာ သံဝေဂ ယူစရာ ကွဲကွဲပြားပြား တွေ့မြင်ခွင့်လည်း ရကြပေရဲ့။ ဟုတ်ကဲ့ပါ၊ ကြယ်ငါးပွင့် အရသာကို ငြင်းပြီး ရိုးရိုးစင်းစင်း အရသာ ဌာပနာထားတဲ့ နွေဦးကဗျာတစ်ပုဒ်ကို ကျွန်တော်တို့ နားထောင်ကြရအောင်ပါ။ ရရာလက်နက် ကိုင်စွဲပြီး ကိုယ့်အသက်အိုးအိမ် စည်းစိမ်ကိုမှ အသက်ပေးကာကွယ် မခုခံဘူးဆိုရင် မရနိုင်တော့တဲ့ ကျေးလက်တော်လှန်ရေးသမားတစ်ဦးရဲ့ ဈာပနက အမိန့်ပြန်တမ်းအကြောင်းပေါ့။ နွေဦးကဗျာဆရာက ရေးဖွဲ့စရာရှိတာကို ရေးဖွဲ့ခဲ့ပြီးတဲ့နောက် မကြားရက် မဖတ်ရက်ပေမဲ့လည်း နွေဦးမှာ ဒီလို ရင်နာကြေကွဲစရာတွေကိုလည်း ကြုံတွေ့ဖြတ်သန်းကြရမှာ မလွဲပါ။ ရင်းစား ပြန်မရနိုင်တော့တဲ့ ဒီလို အဖြစ်မျိုးတွေ ကြုံကြ ဖြတ်သန်းကြရပြီးတဲ့ နောက်တော့ ကျွန်တော်တို့ လိုရာပန်းတိုင်ရောက်သည်အထိ မဆုတ်မနစ် ဆက်သွားကြဖို့ ကတိစကား အပြန်အလှန် ထားကြပါစို့ခင်ဗျား။
Embed this episode
No transcript yet.