Skip to content
နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၆၄  episode artwork

Mar 3, 2023 8 min

နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၆၄

from DNA Podcast Hosted by delta news agency

ဗညားမော် သူ့ကဗျာရဲ့ ခေါင်းစဉ်ကို သူက “အဇ္ဈတ္တတော်လှန်ရေး”လို့ သူက တပ်ထားခဲ့တယ်။ ဟုတ်ရဲ့လား၊ နွေဦးတော်လှန်ရေးဆိုတာ အဇ္ဈတ္တတော်လှန်ရေးလို့ကို ဆိုနိုင်သလား။ ကျွန်တော်တို့အတွင်းစိတ်ထဲမှာ ဘာတွေ ခေါက်ရိုးကျိုးနေခဲ့သလဲ။ ကြောက်တတ်ဝန်ကင်းတွေ အရိုးစွဲနေခဲ့သလား။ ကိုယ့်လက် မပူသမျှ မပူဘူး နေသာ ဖြေသာနေခဲ့ပြီလား။ အချိန်တန်တော့လည်း နွားပိန်ကန်သွားမှာပေါ့ ခပ်သာသာ ထိုင်ကြည့်နေခဲ့သလား။ သောနုတ္ထိုရဲ့ စွဲထားတဲ့ လေးမြားနဲ့ ခြုံထားတဲ့ သင်္ကန်းစကို တွဲစဉ်းစားခဲ့သလား ခွဲစဉ်းစားခဲ့သလား။ အမှန်တရားက အင်အားလို့ မှတ်သားခဲ့သလား လက်နက်က အင်အားလို့ ဝပ်တွားခဲ့သလား။ ပဋိပက္ခဖြစ်လာရင် နင်တန် နင်တန်လို့ ဖြန်ဖြေဖို့ စတုတ်တိုက်စဉ်းစားတတ်တဲ့ နိုင်ငံရေးသင်တန်းဆရာတွေရဲ့ ဒေသနာတွေကို ကြားနာ နားယောင်ခဲ့သလား။ နိုင်ငံသားအချင်းချင်း သတ်ဖြတ်နေကြတဲ့ ပွဲလို့ နှိမ့်စဉ်းစားပြီး အသက်အိုးအိမ်နဲ့ ရိက္ခာ ကုန်လုပ်ကိရိယာ ဝတ်ပြုကိုးကွယ်ရာတွေအထိ ဖျက်ဆီးထိပါးခံရတဲ့အခါ လူထုက ကာကွယ်ခံချရတဲ့ တော်လှန်စစ်ပွဲလို့ မြှင့်ပြီးအသိအမှတ်မပြုနိုင် အမြင်ကန်းခဲ့သလား။ ကဗျာဆရာကတော့ “ရေသေလို ရပ်တန့်နေတဲ့ အတွေးအခေါ်တွေကို ရဲရဲဖောက်ခွဲပစ်လိုက် …”လို့ တိုင်သံပေးပါတယ်။ “ 'ချင်း'မှိုင်းသွတ်သွင်းခဲ့တဲ့ လိမ္မော်ရောင်တွေကို/ စိတ်ဓာတ်တော်လှန်ရေးက/ အနိုင်နဲ့ ပိုင်းလိုက်ပြီ...”လို့ ကြူးရင့်ပါတယ်။ ဒီတစ်ခါ လူထုအရေးတော်ပုံကြီးမှာတော့ စိတ်ဓာတ်တော်လှန်ရေးပါ ပါနေတာ အထင်အရှားတွေ့ရပါတယ်။ ဣတ္ထိယ ဝါဒလို့ မကြွေးကြော်တော့ဘူး။ အမျိုးသမီးတွေဟာ လမ်းမပေါ်မှာ ထဘီ အလံထူတက်ခဲ့ကြတယ်။ စစ်ကျွန်အဖြစ်နဲ့ နေရတာထက် သေရတာက မြတ်တယ်လို့ မကြွေးကြော်ဘူး။ စစ်မိစ္ဆာတွေရဲ့ လက်က လွတ်အောင် တိုက်အမြင့်ပေါ်ကနေ ခုန်ချသွားကြတယ်။ အသေခံဗုံးခွဲဖို့ထိ မကြွေးကြော်ဘူး။ ပြေးမလွတ်တဲ့အခါမှာတော့ ရန်သူ့လက်ထဲမှာ ကိုယ့်အသက်ကိုပါ နုတ်သွားမယ့် ဖောက်ခွဲရေးခလုတ်ကို နှိပ်ဖြုတ်လိုက်ကြတယ်။ ဒါပေမဲ့ ဒါဟာ သန်းငါးဆယ်ကျော် နိုင်ငံသားတွေကြားမှာ နှစ် ၆၀ မက အမြစ်တွယ်လာတဲ့ စစ်အာဏာရှင်စနစ်ဆိုးနဲ့ ဒီစနစ်ဆိုးကို မွေးပြီးအမြတ်ထုတ်နေတဲ့ လက်နက်အားကိုးအဖွဲ့အစည်းတစ်ခုလုံးကို ချိုးဖြတ်ဖို့ လုပ်ရတဲ့ ပွဲပဲ။ သူ့မှာ သူ့ဒေါက်တိုင်နဲ့ ကျေးဇူးခံ ကျေးဇူးစားနဲ့ လူတင်မက ရှင်တွေကိုပါ ခါးပိုက်ဆောင်ထဲ ထည့်ထားခဲ့တဲ့၊ ပထမတန်းလူတန်းစားဆိုတဲ့ နေရာကို အမြစ်မြဲမြဲ ကုပ်တွယ်ထားတဲ့တဲ့ မိစ္ဆာသိုက်ကြီးကို ဖြိုဖို့ လုပ်ရတဲ့ ပွဲပဲ။ လူထု များရာစုထဲမှာ ကိုယ့်နွေကမှ ပိုပူတယ် ထင်ပြီး ကန္တာရနဲ့ ပြာကျတဲ့ ဒေသတွေကို မထောက်မရှုနိုင်ဘဲ ကိုယ့်တစ်ကိုယ်စာ အေးမြအောင် လေအေးစက်ကိုဖွင့်ဖို့ အလေးထားနေတဲ့ အုပ်စုတွေလည်း ရှိနိုင်တာပဲ။ သူတို့ဟာ စစ်ဂိုဏ်းအုပ်စုရဲ့ ဒေါက်တိုင်တွေ၊ လောက်ကောင်တွေ၊ အကျိုးလက်ဝေခံသူတွေ၊ အားပေးအားမြှောက်တွေ မဟုတ်နိုင်ပေမဲ့ ရန်သူ့အလိုကျ ကိုယ့်ဆန္ဒအရမဟုတ်သော်လည်း ကပြအသုံးတော်ခံနေတဲ့သူတွေ ဖြစ်မှန်းမသိ ဖြစ်နေကြတာ သတိထားနိုင်ကြရဲ့လား။ ရန်သူက မပျော်ရွှင်စေချင်တဲ့ အချိန်မှာ ပျော်ရွှင်စည်ကားပြရတာလည်း တော်လှန်ရေးပဲလို့များ ဆင်ခြေတက်ကြလေမလား။ ဒါပေမဲ့ ကိုယ့်ပွဲတွေဟာ သူ့ပွဲဖြစ်နေ ကိုယ်ရတယ်လို့ ထင်နေတာထက် သူရတာက ခြင်္သေ့ဝေစု ဖြစ်နေလောက်တယ်လို့ သတိထားမိကြရင်တော့ ကောင်းမှာပလေ။ ကဗျာဆရာကတော့ “လူ့တန်ဖိုးတွေ လုပြီးနိမ့်ဆင်းသွားတဲ့ ပတ်ဝန်းကျင်မှာ …/ နေသာသလို အနေတတ်ခဲ့ကြသူတွေ/ အဖြေရှာသူကို မကျေနပ်ခဲ့ကြသူတွေ/ ရေဆာသူကို အသေသတ်ခဲ့ကြသူတွေ”လို့ ဆိုလိုက်ပါတယ်။ ကျွန်တော်တို့ ရင်ဆိုင်ဖြတ်သန်းနေကြရတဲ့ နွေဦးတော်လှန်ရေးဟာ ဘဏ္ဏာငွေကြေးနဲ့၊ လက်နက်အင််အားနဲ့၊ အသက်ပေးထားတဲ့ နွေဦးစစ်သည်တွေနဲ့ နွှဲနေရတဲ့၊ တိုင်းပြည်ကြေပြီး လူ့သွေးတွေနဲ့ ယာဇ်ပူဇော်သလို လောင်းပေးနေရတဲ့၊ မြင်ရ ကြားရတာ ကြမ်းတမ်းပက်စက်လှတဲ့ ပြည်တွင်းစစ်ပွဲကြီးပါပဲလို့ ဆိုချင်လည်း ဆိုလိုက်ပါလေ၊ ကျွန်တော်တို့ရဲ မြေ ကျွန်တော်တို့ရဲ့ ပြေမှာ နိုင်ငံတော်သီချင်းထဲက စာသားအတိုင်း တရားမျှတ/ လွတ်လပ်/ ခွင့်တူညီမျှ/ ဝါဒဖြူစင်ဖို့ ကျွန်တော်တို့အတွင်းစိတ်ထဲ ဖြစ်နေတဲ့ လက်နက်အင်အားကို ကြောက်နေတဲ့ စိတ်၊ ချင်းထည့်ခံရတာတွေကို ဘာသာရေးလိုလို အစဉ်အလာ ယဉ်ကျေးမှုလိုလို ရို့ကျိုးလိုနေတဲ့ စိတ်၊ လူမျိုးကြီး လူမျိုးငယ် တိုင်းရင်းသား အိမ်ရှင် ဧည့်သည် ခွဲခြားပြီး ဆက်ဆံချင်နေတဲ့၊ လူသားနဲ့ နိုင်ငံသားဆိုတဲ့ ခေါင်းစဉ်ကြီးကို မေ့ထားနေတဲ့ စိတ် စသည် စသည် ဒီ အတွင်းစိတ်တွေကိုပါ ကိုယ့်ကိုယ်တွင်းက၊ ကိုယ့် လူ့အသိုက်အဝန်းကနေ မောင်းချဖယ်ထုတ်ရမယ့် စိတ်ဓာတ်တော်လှန်ရေးကလည်း တကယ်တမ်း စစ်ပွဲကြီးလို အပြိုင် ဆင်နွှဲနေကြရမှာလို့ ဆင်ခြင်မိပါတယ်။ မြစ်ကွေ့တော်လှန်ရေးစာစဉ်ထဲက ကဗျာဆရာ မင်းဆူးခက်ရဲ့ “အဇ္ဈတ္တတော်လှန်ရေး” ဆိုတဲ့ ကဗျာက ကျွန်တော့်ရဲ့ စိတ်ကို လာတံခါးခေါက်တာကို အကြောင်းပြု၍ပါပဲ ခင်ဗျား။

Episode details come from the podcast's RSS feed.

Embed this episode

Ready to play

နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၆၄

0:00 8:52

No transcript yet.

Requests help us decide what to transcribe next.

Frequently asked questions

How long is this episode of DNA Podcast?

This episode is 8 minutes long.

When was this DNA Podcast episode published?

This episode was published on March 3, 2023.

Can I download this DNA Podcast episode?

Yes. Use the download control on the episode player to save the publisher-provided media file.