Skip to content
နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၆၅ episode artwork

Mar 10, 2023 8 min

နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၆၅

from DNA Podcast Hosted by delta news agency

ဗညားမော် “ခေတ်ခရီးက ရိုက်စစ်လိုက်တဲ့အခါ စစ်ကြီးဟာ ငါတို့ရှေ့ကိုရောက်လာတယ် အရောင်စုံအိပ်မက်တွေကတော့ အတောင်မစုံခင် ပျံထွက်ခဲ့ရပေါ့၊” ဒါဟာ နွေဦးထဲမှာ နိုင်ငံတော်ထံ ပေးစာ ပေါ့လေ။ နိုင်ငံတော်ထံ ပေးစာ ဆိုတဲ့ ကဗျာရဲ့ အဖွင့်ပိုဒ်ပါပဲ။ နိုင်ငံတော်ကို ကဗျာထဲ ထည့်ပြီး မြန်မာကဗျာဆရာတွေ ထည့်ရေးလာကြတာ အတော်တော့ ကြာပါပြီ။ နိုင်ငံတော် သီချင်း၊ ကျဆုံးလေပြီးသော နိုင်ငံတော်၊ နိုင်ငံတော် မျှော်ချင်း၊ နိုင်ငံကို ဘယ်လို ရေးကြမလဲ၊ … စသည် စသည်။ နိုင်ငံတော်နဲ့ တော်လှန်ရေး ဆိုတဲ့ ဗလာဒီမီယာလီနင်ရဲ့ နိုင်ငံရေး ကျမ်းစာအုပ်ကိုတောင် သတိရမိသေးတော့။ မြန်မာကဗျာဆရာနဲ့ နိုင်ငံတော်၊ မြန်မာကဗျာဆရာနဲ့ နိုင်ငံရေး၊ မြန်မာကဗျာဆရာနဲ့ နွေဦး ဒီလို ဒီလို ဆက်ပြီး စဉ်းစားဆဝါးစရာ။ တစ်လောလေးက အခု ကျွန်တော် အဖွင့်ချီထားတဲ့ ကဗျာကို ရေးသူ ကဗျာဆရာဟာ လူမှုကွန်ရက်ပေါ် ပို့စ်တစ်ခု တင်လိုက်တယ်။ “ခေတ်က တကယ်ရိုက်ပုတ်တဲ့အခါ လူနည်းနည်းလေးကပဲ တောင့်ခံတွန်းလှန်ကြတာပါ။ ခေတ်က စီးဆင်းတဲ့အခါတော့ အားလုံးဟာ လှိုင်းနဲ့အတူလိုက် လှေနဲ့အတူစီးကြတာပါ။ ကျေးဇူးတင်ပါတယ်။ ကြေကွဲစွာဖြင့်ပေါ့လေ။”တဲ့။ သူ့ပို့စ်ဟာ ပြန်ပြီးမျှဝေတဲ့သူ အတော်များတယ်။ တောင့်ခံထားကြသူ တချို့ဟာ အတော် ပန်းနေကြပြီလို့ မဆိုသာပေမဲ့ နွေဦးတော်လှန်ရေးဟာ နှစ်နှစ်ဆိုတဲ့ကာလကို ကျော်လာတဲ့အခါ ခက်လက်ညွန့်ဖြာ တိုးတက်မှုတွေကို မြင်ရသလို လေပြည်ရဲ့ ချော့မြူမှုမှာ ယိမ်းခါသာယာနေတဲ့ သစ်ကိုင်းတွေကိုလည်း တွေ့လာရတာ အရှိတရားပါပဲ။ နိုင်ငံသား သန်း ၅၀ ကျော်ထဲက အများစုဟာ တစ်သံတည်းညီ တစ်ချီထဲ ရုန်းလိုက်ကြမယ် ဆိုရင်ဖြင့် ခြစားနေတဲ့ စစ်ပင်ကြီးဟာ ဝုန်းဆို ဗုန်းဗုန်းလဲကျသွားမှာက သဘောတရားအရ ဘယ်လိုမှ မလွဲပါ။ ဒါပေမဲ့ လူထုဟာ အကျိုးစီးပွားချင်းမတူတဲ့ လူသားတွေ သန်းနဲ့ချီပြီး ပါဝင်နေတာဆိုတော့ အားလုံး တော်လှန်ရေးမှာ သက်ဝင်နေကြစေဦးတော့ စိတ်အားအဆင့် ကိုယ်အား အရှိန်တွေဟာ နိမ့်မြင့် ကွဲပြားနေကြမှာ အမှန်ပါပဲ။ အဖိခံနေရတဲ့ နေရာတွေဟာ မီးပုံတွေကြားထဲက အံ့မခန်း ထနေ ကြွနေကြရတဲ့အတွက် အဖော့ခံထားရတဲ့ မြို့ပြတွေမှာ ကြော့မော့သာယာနေခွင့် ရနေကြတော့ ဒါဟာ လူထုအများစုက လှိုင်းနဲ့အတူလိုက်နေတယ်လို့ လှေနဲ့အတူ စီးနေတယ်လို့ ဆိုချင်လည်း ဆို လူထုနဲ့ တော်လှန်ရေးကြား ဖြစ်နေကျ အဆက်အစပ် သဘောတွေမျှသာပါပဲ။ ထက်သန်စွဲမြဲသူ အရေးတော်ပုံတပ်သားတွေဟာ တော်လှန်ရေးလှိုင်းကို လူထုကြားထဲ အဆက်မပြန် ဘယ်လို ရိုက်ခတ် ပုံဖော်နေကြမလဲဆိုတာကိုသာ တွေးတောကြံဆပြီး ဆက်လက်နေကြဖို့ ဖြစ်ပါတယ်။ နွေဦးက တိုင်သံ ပေးလိုက်တဲ့အခါ လူထုဟာ သူတို့ ပါဝင်နိုင်တဲ့ အနေအထားအရ ဘယ်လို ညီညာဖျဖျ လိုက်ပါနိုင်ကြတယ် ဆိုတာ တိတ်ဆိတ်သပိတ် သုံးခါ သုံးလီမှာ အပီအပြင်တွေ့ခဲ့ကြရတာကပဲ ဝမ်းသာအားတက်စရာလို့ မှတ်ယူကြရပါလိမ့်မယ်။ လူ့အဖွဲ့အစည်းရဲ့ မလိုင်အပေါ်လွှာသားတွေ ပျော်ပါးစည်ကားနေကြတာ မြင်သာနေရုံနဲ့ နွေဦးကို လူထုဟာ အချိန်ကြာလာတာနဲ့အမျှ ဖာသိဖာသာ ရင်ထဲမှာ လွင့်ပြယ်နေပြီလားလို့ သံသယဝင်စရာ မရှိပါ။ သူ့ရဲ့ စိတ်ခံစားရမှု အခြေအနေကို လူမှုကွန်ရက်စာမျက်နှာပေါ် ဖောက်ချလိုက်ပြီးတဲ့နောက် ကဗျာဆရာဟာ တော်လှန်ရေးလှိုင်းကို လူထုကြားထဲ ရိုက်ခတ်နိုင်ဖို့ ကဗျာနဲ့ကြိုးပမ်းချက်လို့ မှတ်ယူနိုင်တဲ့ နိုင်ငံတော်ထံ ပေးစာ ဆိုတဲ့ ကဗျာကို ရေးလာတာဟာ ကျေနပ်စရာပါပဲ။ အတောင်မစုံခင် ပျံထွက်ခဲ့ရတဲ့ အိပ်မက်တွေဆီက ပေးစာလို့ ဆိုရလေမလား။ စစ်ပြေးလမ်းပေါ်က နွမ်းလျနေတဲ့ နှလုံးသားတွေ ပေါင်မုန့်ဖိုထဲက ဂျုံသားမကျက်တကျက်တွေဟာ နိုင်ငံတော်ရဲ့ စိတ်ပြေးလမ်းပေါ်ကို စာသားတွေအဖြစ် ရောက်ရှိလက်ခံလိုက်ရပါတယ်။ နိုင်ငံတော်ဆိုတာ နိုင်ငံသား လူထုတွေရဲ့ ကိုယ်စားပြုသင်္ကေတစ်ရပ်ဖြစ်တဲ့အတွက် တော်လှန်ရေးကို လူထုရဲ့ စိတ်ပြေးလမ်းဆီ ပေးစာအယောက်ဆောင်ပြီး ရောက်လာတာလို့ပဲ ဆိုနိုင်ပါလိမ့်မယ်။ နိုင်ငံတော်ဟာ သူ့ဆီ ရောက်လာတဲ့ ပေးစာကို ကောင်းစွာ လက်ခံရရှိပါတယ်။ လူထုဟာ သူ့ဆီရောက်လာတဲ့ တော်လှန်ရေး နယ်မြေဆီက သတင်းပါးချက်တွေကို နှလုံးသားနဲ့ လက်ခံရရှိပါတယ်။ ပေးစာရဲ့ နောက်ဆုံးနားက “ငါတို့က/ ပလ္လင်နန်းကို ကြည့်တာမဟုတ်/ သခင်မှန်းသိအောင် လုပ်နေတာကွဲ့” ဆိုတဲ့ ပါဒတွေဟာ နွေဦးအရေးတော်ပုံရဲ့ တကယ့်လိုရင်းပါပဲ။ မြန်မာနိုင်ငံဟာ ကိုလိုနီအပြုခံထားရတဲ့ နိုင်ငံဘဝကနေပြီး အချုပ်အခြာအာဏာကို ပြန်လည်ရယူနိုင်ခဲ့တာ နှစ်ပေါင်း ရှည်ကြာပြီဖြစ်ပေမဲ့ မြန်မာလူထုဟာ နယ်ချဲ့ကျွန်အဖြစ်ကနေ လွတ်လပ်စ အရွယ်နုနုမှာ စစ်ကျွန်ပြန်ဖြစ်ခဲ့ရတာကြောင့် ဒုတိယ သခင်ခေတ် ဒုတိယလွတ်လပ်ရေးခေတ်ဆီ မလွဲမသွေ ရောက်ဖို့ ကြိုးစားကြရမှာပါ။ ကဗျာဆရာ အေမွန်ရဲ့ နိုင်ငံတော်ထံ ပေးစာ ကို ကျွန်တော်တို့ နှလုံးသားနဲ့ ကြားနာလိုက်ကြရအောင်ပါ ခင်ဗျာ။

Episode details come from the podcast's RSS feed.

Embed this episode

Ready to play

နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၆၅

0:00 8:14

No transcript yet.

Requests help us decide what to transcribe next.

Frequently asked questions

How long is this episode of DNA Podcast?

This episode is 8 minutes long.

When was this DNA Podcast episode published?

This episode was published on March 10, 2023.

Can I download this DNA Podcast episode?

Yes. Use the download control on the episode player to save the publisher-provided media file.