Skip to content
နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၆၇ episode artwork

Mar 24, 2023 7 min

နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၆၇

from DNA Podcast Hosted by delta news agency

ဗညားမော် နွေဦးထဲက ကဗျာဟာ ဒီတစ်ပတ်မှာ ကမ္ဘာ့ကဗျာနေ့ဆိုတာနဲ့ တိုက်ဆိုင်ပါတယ်။ ပထဝီဘာသာရပ်အရ အီကွေတာမျဉ်းကြောင်းပေါ် နေရောင်တည့်တည့်ကျတဲ့ နေ့၊ မတ်လ ၂၁ ရက်နေ့။ ကုလသမဂ္ဂလက်အောက်ခံ ပညာရေး၊ သိပ္ပံပညာနဲ့ ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်းဖြစ်တဲ့ ယူနက်စကိုက အဲဒီနေ့ကို ကမ္ဘာ့ကဗျာနေ့အဖြစ်သတ်မှတ်တယ်။ မြန်မာတွေအဖို့ ကဗျာနဲ့ ပတ်သက်တဲ့ အထိမ်းအမှတ်နေ့က နှစ်နေ့ ဖြစ်သွားတယ်။ ရှိရင်း စာဆိုတော်နေ့ ဆိုတာလည်း စာရေးဆရာအားလုံးကို လွှမ်းခြုံတယ်ဆိုပေမဲ့ ဓမ္မစစ်အရတော့ စာဆိုတော် ဆိုတာ အရင်းခံအားဖြင့်၊ မူရင်းအားဖြင့် ကဗျာစာဆိုတွေကို ရည်ညွှန်းတာ မဟုတ်လား။ ကဗျာဟာ လူသားတစ်ဦးရဲ့ လူမှုဘဝမှာ သိသည်ဖြစ်စေ မသိသည်ဖြစ်စေ အရေးကြီးတယ်။ သက်ရောက်မှုရှိတယ်။ အာနိသင် ရှိတယ်။ လေကို ရှူနေရသလိုပါပဲ။ လေထဲမှာ အောက်ဆီဂျင်ပါတယ် ဆိုတာ သိစရာမလိုဘူး၊ ကမ္ဘာ့မြေထုပေါ်မှာ လေထုအလွှာ ဘယ်နှလွှာဆိုပြီး ပိုင်းခြားထားပုံ သိစရာမလိုဘူး။ ကဗျာကို ကဗျာဆရာတွေ ကဗျာပညာရှင်တွေ အမျိုးမျိုးအဖုံဖုံ အဓိပ္ပာယ် ဖွင့်ကြလိမ့်မယ်။ ဖွင့်ခွင့်ရှိတဲ့သူတွေ ပြောရေးဆိုခွင့်ရှိတဲ့သူတွေရဲ့ အလုပ်ပဲ။ သူတို့ ပညာရပ်နယ်ပယ် သူတို့ခွင်မှာ ပြောကြ ဆိုကြ ဖွင့်ဆိုကြ စောဒကတက်ကြ ငြင်းခုံကြပါစေ။ ဒါပေမဲ့ လူထုကတော့ အမှန်တရား အလှတရား အချစ်တရား ပါလာတဲ့ သူ့အာရုံထဲ လာထိတဲ့ ဘယ်အရာကို မဆို ကဗျာလို့ မသမုတ်ရင်တောင် ကဗျာလို့ ခံစားလိုက်လိမ့်မယ်။ ကာလ ဒေသ ပရောဂနဲ့ ကိုက်ညီတဲ့အရာတွေကို လူတွေက လက်ခံသိမ်းပိုက်ကြတာမျိုးပဲ။ ဒါကြောင့် နွေဦးမှာတော့ ကဗျာဟာ ခြေထောက်နှစ်ချောင်းပါရင်တောင် နွေဦးမှာ ခြေစုံရပ်ရလိမ့်မယ်။ လူထုမှာ ခြေစုံရပ်ရလိမ့်မယ်။ တော်လှန်ရေးမှာ ခြေစုံရပ်ရလိမ့်မယ်လို့ ဆိုချင်ပါတယ်။ ကဗျာတင်မကဘူး ကဗျာဆရာတွေမှာ နွေဦးနဲ့အတူ အဖုံဖုံအနည်းနည်း ရပ်တည်နေကြတာကို ကျွန်တော်တို့ တွေ့ရတဲ့အခါ အခုလို ကဗျာနေ့ အခါသမယမှာ အထူးအားဖြင့် ဦးညွတ်အလေးပြုလိုက်ပါတယ်။ အသက်ပါ စွန့်သွားရတဲ့ ကဗျာဆရာတွေကို ကဗျာနေ့မှာ အောက်မေ့ဖွယ် အစီအစဉ်အဖြစ် သူတို့ရဲ့ ကဗျာတွေကို ရွတ်ဖတ်ဂုဏ်ပြုကြရမှာပါ။ ထောင်သွင်းအကျဉ်းချခံနေရတဲ့ ကဗျာဆရာတွေဆီ စိတ်ပိုင်းအရ ရုပ်ဝတ္ထုအရ အကူအညီတွေ ပေးပို့နိုင်ဖို့ စီစဉ်ကြရမှာပါ။ တော်လှန်ရေးနယ်မြေထဲ ရောက်ရှိပါဝင်နေတဲ့ ကဗျာဆရာတွေကို ထောက်ပံ့ကူညီနိုင်မယ့် ဆက်သွယ်ရေးလမ်းကြောင်းတွေ ရှာဖွေချိတ်ဆက်ကြရမှာပါ။ ကိုယ်နေထိုင်ရပ်တည်ရာ နေရာဒေသပေါ်မူတည်ပြီး သိုသိုသိပ်သိပ်သော်လည်းကောင်း တက်ကြွပွင့်လင်းစွာလည်းကောင်း ချိန်ဆလုပ်ကိုင်သွားကြရမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ကဗျာနေ့နဲ့ တိုက်ဆိုင်နေတဲ့ ရက်ပိုင်းဖြစ်တဲ့အတွက် ကဗျာဆရာတွေကို အထူးပြု ပြောဆိုလိုက်ရပေမဲ့ ဒါဟာ နွေဦး တော်လှန်ရေး အရေးတော်ပုံကြီးမှာ ပါဝင်နေတဲ့ အရေးတော်ပုံတပ်သားတိုင်းအတွက် လက်တွေ့ မြေပြင်နဲ့ ကွာလှမ်းတဲ့ နေရာမှာ ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ ပုံမှန်နဲ့ မလျှော့တမ်း ဇွဲခတ် ပံ့ပိုးလုပ်ဆောင် နေကြရမယ့် လုပ်ငန်းတွေပဲ ဖြစ်ပါတယ်။ ဟောဒီမှာ ကမ္ဘာ့ကဗျာနေ့အမှတ်တရ ကဗျာတစ်ပုဒ်ကို ကျွန်တော် ဖတ်ပါမယ်။ ကဗျာခေါင်းစဉ်ကို ရိုးရိုးပဲ ကဗျာနေ့လို့ ကဗျာဆရာက ပေးထားတယ်။ ဘာသာစကားနဲ့ ရေးထားတဲ့၊ ကျွန်တော်တို့ ယေဘုယျအားဖြင့် ကဗျာလို့ သတ်မှတ်ထားတဲ့ အရာမဟုတ်ဘဲ ဒီနွေဦးမှာမှ အထူးအားဖြင့် ဟူးဟူးရားရား စူးစူးဝါးဝါး ပွင့်လို့နေတဲ့ ကဗျာလို့ ခံစားသိမ်းပိုက်နိုင်ဖွယ်တွေကို သူက ဖော်ထုတ်ပြထားတယ်။ ကျွန်တော် ရှေ့ပိုင်းမှာ ဖွင့်ဆိုခဲ့သလို အမှန်တရား အလှတရားနဲ့ အချစ်တရားတို့ ထုံမွှမ်းထားအပ်တဲ့ ရက်စက်ကြေကွဲစွာ ပွင့်နေရရှာတဲ့ ကဗျာတွေပါပဲ။ ကဗျာဆရာ နှင်းခါးမိုးက အဲ့ဒီကဗျာတွေကို ကျွန်တော်တို့ ကဗျာဆရာတွေ ကဗျာနေ့မှာ ဆုံဆည်းကြ ရွတ်ဖတ်ကြလေ့ရှိတဲ့ ကဗျာပွဲတွေနဲ့ ချိတ်ဆက်ပေးလိုက်ပါတယ်။ မကြာခင် လာတော့မယ့် တစ်နေ့။ ကိုလိုနီလက်အောက်က လွတ်မြောက်ရေး၊ စစ်ဖက်ဆစ်ကို တော်လှန်ရေး အစဉ်အလာကို လူငယ်ကျောင်းသားများ လက်ဆင့်ကမ်းခဲ့ရာ ပညာနယ်မြေရဲ့ ထင်ရှားတဲ့ သင်္ကေတသရုပ်ဖြစ်တဲ့ နေရာဆီ ကဗျာဆရာက ကြိုတင်ချိန်းဆိုလိုက်ပါတယ်။

Episode details come from the podcast's RSS feed.

Embed this episode

Ready to play

နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၆၇

0:00 7:16

No transcript yet.

Requests help us decide what to transcribe next.

Frequently asked questions

How long is this episode of DNA Podcast?

This episode is 7 minutes long.

When was this DNA Podcast episode published?

This episode was published on March 24, 2023.

Can I download this DNA Podcast episode?

Yes. Use the download control on the episode player to save the publisher-provided media file.