နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၆၉
from DNA Podcast Hosted by delta news agency
ဗညားမော် နွေဦးအရေးတော်ပုံကြီးဟာ ကျွန်တော်တို့ရဲ့ နိုင်ငံကို လွတ်လပ်ရေးရပြီး မကြာခင် နိုင်ငံသားတွေရင်ဆိုင်ကြရတဲ့ ပြည်တွင်းစစ် နှစ်ရှည်ကြာ အရိပ်မည်းကြီးရဲ့ အောက်ကရော ဒီပြည်တွင်းစစ်ကို အကြောင်းပြုကြီးထွားအမြစ်တွယ်ခဲ့တဲ့ နှစ်ရှည်ကြာ စစ်အာဏာရှင်စနစ်ရဲ့ လက်အောက်ကပါ ကူးပြောင်းဖို့ ရုန်းကြွကြရတဲ့ တော်လှန်ရေးတိုက်ပွဲလို့ ဆိုနိုင်ပါတယ်။ ဒီကာလအတွင်း မြန်မာ့ဓလေ့ ကူးပြောင်းခြင်းပွဲတော် သင်္ကြန်ကို အခု သုံးကြိမ်မြောက် ကျွန်တော်တို့ ဖြတ်သန်းကြရမှာ။ ဆယ့်နှစ်ရာသီ ဆယ့်နှစ်ပွဲ အနည်းဆုံးရှိကြတဲ့ မြန်မာ့ရိုးရာ ပွဲတော်တွေထဲမှာ သင်္ကြန်ဟာ အထူးဆုံးအလှဆုံး အမြူးဆုံး အကြွဆုံးလို့ ဆိုရမတတ်ပဲ။ နှစ်သစ်မှာ ရွှင်လန်းပါစေ သင်္ကြန်ရေတွေက မြန်မာ့မြေမှာ အေးချမ်းမှုတွေနဲ့ ဖျန်းပက်သွန်းလောင်းကြတဲ့ ပွဲတော်ဖြစ်ပါတယ်။ ပွဲကြိုက်လှတဲ့ မြန်မာတွေဟာ စစ်ပွဲနဲ့ ခိုက်နေတဲ့ အခါကာလမှာတောင် မနွှဲသာ နွှဲသာ ပွဲတွေ နွှဲနေကြတာ ဟိုမှာ သည်မှာ ဖြိုးဖြိုးဖျောက်ဖျောက်တော့ တွေ့နေကြရပြီး ဒီပွဲတွေဟာ ကိုယ့်ပွဲတွေသာဖြစ်ပြီး သူ့ပွဲတွေ သူအလိုကျမယ့် ပွဲတွေ နိုင်ငံဟာ ပုံမှန်စည်ကားလာသယောင် သူအယောင်ဆောင်လိုတဲ့ ပွဲတွေ မဖြစ်အောင် တော်လှန်စိတ်ထက်သန်တဲ့ ပြည်သူများရော သာမန် များရာစု လူထုကပါ အတိုင်းအတာတစ်ခုအထိ ထိန်းသိမ်းနိုင်ကြပေတယ်လို့တော့ ယေဘုယျ ကောက်ချက် ချနိုင်ပါတယ်။ စိတ်အားထက်သန်ပြင်းပြတဲ့ လူထုအစိတ်အပိုင်းရဲ့ အသံကို ကဗျာဆရာက အခုလို ပဲ့တင်ထပ် ဖော်ထုတ်ပေးပါတယ်။ “အမှန်တကယ် / ကူးပြောင်းပြီလို့/ ငါတို့ မကြေညာမချင်း/သင်္ကြန်ဟာ အတုပဲ။” မှန်ပါတယ်၊ စစ်ပွဲတွေ မငြိမ်းသေးသမျှ အောင်ပွဲကို မရသေးသမျှ ဘယ်ပွဲမှ ကျွန်တော်တို့ အားလုံးရဲ့ ပွဲ အစစ် မဖြစ်နိုင်ဘူး။ ပဲ့ပါသွားတဲ့ တစ်စုတစ်ဖွဲ့နဲ့ ပွဲဖန်တီးလိုသူ စစ်ဂိုဏ်းအုပ်စုက ကမကထပြုပြီး နိုင်ငံအေးချမ်းသာယာသယောင် ပြည်သူတွေ ပျော်ရွှင်စည်ကားနေကြသယောင် လုပ်ပြတဲ့ လုပ်ပွဲ အတုတွေသာ အမှန်ဖြစ်ပါတယ်။ ပြည်သူအားလုံး စိတ်ရောကိုယ်ပါ ပါဝင်ဆင်နွှဲကြတဲ့ မြန်မာ့ဓလေ့ ရိုးရာပွဲ စစ်စစ်တွေ ဘယ်နည်းနဲ့မျှ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ငါတို့အားလုံး စိတ်အလိုမပါဘဲ အလိုတော်ရိတွေနဲ့ ရေပေါ်ဆီတွေနဲ့ မသိနားမလည်သူ ပြည်သူတွေနဲ့ ကျင်းပတဲ့ သင်္ကြန်ဟာ အတုပဲ။ မြန်မာ့မြေပေါ်မဟုတ်တဲ့ မြန်မာတွေ ရှိရာ ပြည်ပက နေရာတွေမှာတောင် အသိတရားရှိတဲ့ မြန်မာတွေက ဆင်နွှဲမြဲ သင်္ကြန်ကို သတိကြီးကြီးနဲ့ ဆင်ခြင်ပြီး လုံးဝမလုပ်ဖို့၊ သို့မဟုတ် အကျဉ်းချုံးလုပ်ဖို့ ပြင်ဆင်ကြတယ်။ များသောအားဖြင့်တော့ ပြည်ပနိုင်ငံတွေမှာ မြန်မာတွေ စုလာတဲ့ ပွဲတွေဟာ နွေဦးတော်လှန်ရေး ထောက်ပို့ရည်ရွယ်ချက်တွေက လွှမ်းမိုးနေတာလည်း မြင်ကြရတယ်။ မြန်မာတွေရဲ့ သင်္ကြန်ဝေဒနာလက္ခဏာစုဟာ အမှန်ဆိုရင် အတော့ကို သည်းသည်းသန်သန်ပါ။ သုံးလလောက်ကြိုပြီး သင်္ကြန်သီချင်းထွက် သင်္ကြန်သီချင်းဖွင့်ကြလေ့ရှိတာပါ။ ဒိလိုပဲ သင်္ကြန်မှာ ကြားကြရတဲ့ သံချပ်ဆိုတာ မြန်မာတွေရဲ့ လူမှုနိုင်ငံရေး ပြုပြင်ဝေဖန်မှု ကဗျာတေးသံပါပဲ။ ဒါပေမဲ့ ကဗျာဆရာက “မြူမှောင်ဝေကင်းကို/ ဘယ်သူဆိုဆို/ ညိုမြနဲ့ ဘယ်သူ ကက/ သင်္ကြန်မကျဘူး။” ကျွန်တော်တို့ ကဗျာဆရာနဲ့ တစ်သဘောတည်း ထပ်တူပါ။ ဒါပေမဲ့ တစ်လောလေးက တက်လာတဲ့ ပီဒီအက်ဖ် ရဲဘော် ရဲဘော်မတွေရဲ့ သင်္ကြန်ယိမ်းဗီဒီယိုလေးကို သွားပြေးမြင်မိ။ ကျွန်တော်တို့ ရဲဘော်တွေ သူတို့ နယ်မြေမှာ သူတို့ရဲ့ စိတ်ထွက်ပေါက် သင်္ကြန်ပွဲ ဆင်နွှဲခဲ့ရင် ဒါဟာ သင်္ကြန်အစစ် မြန်မာ့ဓလေ့ဝိညာဉ် မိမိရဲ့ လွတ်လပ်တဲ့စိတ်ဆန္ဒ ရှိတဲ့ နေရာမှာ ရှင်သန် ပျော်ရွှင်နိုင်ပါစေ။ ရပ်ကွက်ထဲက ကလေးလေးတွေ အုန်းလက်သင်္ကြန်လေး ဖြိုးဖြိုးဖျောက်ဖျောက် ပေါ်လာခဲ့ရင်လည်း ဒါ နားလည်လက်ခံပေးလို့ရတဲ့ ပြည်သူ အနည်းစုရဲ့ သင်္ကြန်။ ကျွန်တော်တို့ မနှင်းအပ်ထားတဲ့ အုပ်ချုပ်ခွင့်အာဏာကို ယူထားပြီး စစ်ဂိုဏ်းသားတွေရဲ့ လက်မှာ ရွှေပြည်သာယာကြောင်း မိတ်ကပ်လုပ်ဇာတ်နဲ့ ခင်းပြမယ့် ဘယ်သင်္ကြန် ဘယ် မြို့တော်ဝင် ဖွင့်ဖွင့် ဘယ် စစ်ဂိုဏ်းခေါင်းဆောင် တက်တက် ဒါဟာ လူထုက black list အမည်ပျက်စာရင်း သွင်းထားနှင့်ပြီးတဲ့ ခေတ်ပျက်ထဲက သင်္ကြန်ပျက်သာလျှင် ဖြစ်ပါတယ်။ လူထုအောင်ပွဲ တောင်ရိပ်ကို ခိုပြီးမှ မြန်မာ့အတာမှာ အေးမြတဲ့ ရေညို ရစ်သန်းမယ်။ ကဗျာဆရာ ခဇ ရဲ့ သင်္ကြန်ဆိုတဲ့ ကဗျာထဲကအတိုင်း ပိတောက်တွေဟာ ကျွန်တော်တို့ ချိန်းဆိုတဲ့ နေ့ကျမှ ပြိုင်တူပွင့်ပြပြီး ဝင်းဝါထိန်တောက်တဲ့ သင်္ကြန်ခါကို ရောက်ရတော့မယ်လို့ စိတ်ထဲ ခဲထားရပါလိမ့်မယ်။ ကျွန်တော်တို့ နိုင်ငံ အမှန်တကယ် ပြောင်းလဲမှပဲ တကယ်ကူးပြောင်းတဲ့ ပွဲ မြန်မာ့သင်္ကြန်ပွဲကို စိတ်ရောကိုယ်ပါ ဆင်နွဲကြရပါလိမ့်မယ်။
Embed this episode
No transcript yet.