နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၇၀
from DNA Podcast Hosted by delta news agency
ဗညားမော် နွေဦးရဲ့ မြင်ကွင်းတွေ၊ တော်လှန်ရေးရဲ့ မြင်ကွင်းတွေကို ကြည့်တဲ့အခါမှာ အမြင်စုံဖို့ လိုအပ်လှပါတယ်။ အမြင်မစုံ အမြင်မနှံ့တဲ့အခါ ခွဲခြားခံစားမှုတွေဟာ ကျွန်တော်တို့ ကိုယ်တွင်းကို တံကျင်လျှိုသလို ရောက်ချလာနိုင်ပါတယ်။ စစ်အာဏာရဲ့ ဒဏ်သင့်ချက် မတူတဲ့အခါ၊ တော်လှန်ရေးနဲ့ လူထုအရေးတော်ပုံ ပါဝင်ထမ်းရွက်နိုင်စွမ်း အတိုင်းအဆ မမျှတဲ့အခါ ကိုယ်ယုံကြည်ရာ တည်တံ့ခိုင်မာသူတွေကလွဲရင် အထူးသဖြင့် လှိုင်းစီးပြီး ပါလာသူတွေ လေသင့်လို့ ရွေ့လာသူတွေနဲ့ သာမန်လူထုတွေကြားထဲ တိုင်းဆတာတွေ ခွဲခြားတာတွေ ဘက်တိုက်တာတွေ ဖြစ်လာတတ်တာက သဘာဝအတိုင်းပဲ။ ဒါပေမဲ့ အဲ့ဒီအမြင် အဲ့ဒီခံစားချက်တွေက လူမှုကွန်ရက်ပေါ်တက်သွားတဲ့ခါ၊ အမြင်ခံစားချက်တွေကို ဖွင့်ထုတ်သူဟာ ပြန့်နှံ့မှုအားတစ်ခု ရထားနှင့်သူဖြစ်ခဲ့ရင် နွေဦးတော်လှန်ရေးအပေါ် အနည်းနဲ့အများ သက်ရောက်မှုတွေ ဖြစ်တော့တာပဲ။ အဖိနှိပ်အနင်းချေကို အများအပြားခံနရတဲ့ တောနဲ့ နင်လားငါလားခံစားရမှုတွေ ပျော့နေသလို ထင်နေရတဲ့ မြို့ပြ အားလုံးဟာ ကြက်ခြင်းထဲက ကြက်တွေချည်းပါပဲ။ ဒီလိုပဲ ခွန်အားနဲ့ စွန့်စားမှုနဲ့ ထက်သန်မှုနဲ့ အသက်နဲ့ ခြေလက်အင်္ဂါတွေ ပေးဆပ်နေရတဲ့ လူငယ်တွေနဲ့ ချိန်ဆ တွေဝေ ချိနဲ့လာနေတဲ့ လူကြီးတွေ၊ ခေါင်းပိုင်းကနေ လက်ပြဲကြီးတွေနဲ့ စီမံဦးဆောင်နေတဲ့ ခေါင်းဆောင်ပိုင်းနဲ့ မြေပြင်ကနေ လက်နက်မစုံ ကျည်မလုံလောက်တဲ့ ကြားက တိုက်ပွဲကြားကို ခေါင်းထိုးဝင်သွားနေရတဲ့ မြေပြင်တပ်သားတွေ အားလုံးဟာ ကြက်ခြင်းထဲက မလွတ်မြောက်နိုင်သေးတဲ့ ကြက်တွေချည်းပါပဲ။ ရုန်းဖို့ ရည်မှန်းချက်တိကျ ယုံကြည်ချက်ခိုင်မာ ရုန်းကြွမှု သွန်ထည့်ထားတဲ့ အရေးတော်ပုံတပ်သားတွေက ဒီ စစ်အာဏာ အနှောင်ကို ချိုးဖြတ်နိုင်တဲ့တစ်နေ့ လူထုအားလုံးလည်း တော်လှန်ရေးအောင်ပွဲရဲ့ အသီးအပွင့်ကို အတူတူ ရကြမှာပဲ။ မင်းတို့ မပါခဲ့လို့ မင်းတို့ နေစိမ့်ခဲ့လို့ ဆိုပြီး ချန်ထားလို့ရတဲ့ သဘောမှ မရှိတာကိုး။ နိုင်ငံသားရဲ့ တာဝန်ဆိုတာက တာဝန်သိတဲ့သူနဲ့ တာဝန်ယူတဲ့ သူက တာဝန်ရှိသွားတာမျိုးကိုး။ ဒီတော့ ကွဲပြားမှုတွေကိုလက်ခံပြီး အရေးတော်ပုံအတွက် အကျိုးကျေးဇူးမဖြစ်နိုင်တဲ့ ခွဲခြားမှုတွေကိုတော့ ဖြစ်နိုင်သမျှ မပေါ်ပေါက်လာအောင် အတွေးအမြင် ကျယ်ပြန့်တဲ့ သူတွေက ရှင်းပြတားဆီးအပ်တယ်လို့ သဘောရပါတယ်။ နွေဦးထဲက ကဗျာဆရာတွေကတော့ သူတို့ မြင်ရာ သူတို့ စိတ်လှုပ်ရှားခံစားမှုဖြစ်ရာကို ရေးသားဖော်ထုတ်ကြတာပဲ။ ဒီတစ်ပတ် နွေဦးကဗျာတင်ဆက်မှုမှာ မြင်ကွင်းနှစ်ကွက်ကို ကျွန်တော် ရွေးထုတ်လိုက်ပါတယ်။ လက်ရှိ စစ်ဘေးတိုက်ရိုက်သင့်ရာ တောဘက် ကျေးလက်ဘက်ကို ကဗျာဆရာ နှင်းခါးမိုးရဲ့ မြေနီနီ တိမ်နီနီ ဆိုတဲ့ ကဗျာမှာ မြင်ရမှာ ဖြစ်ပြီး အရေးတော်ပုံကာလအတွင်း ဒီမှာဘက် မြို့ပြဟာ စစ်ဒဏ်တိုက်ရိုက်မသင့်သေးပေမဲ့ ဘယ်လိုရှိနေပါသလဲ ဆိုတာကို ကဗျာဆရာမ မြတ်ရဲ့ အသည်းကွဲနေတဲ့ မြို့ကြီးမှာ တွေ့ကြရမှာ ဖြစ်ပါတယ်။ ဦးစွာ တိမ်ပြာသောနေ့တွေ ဝေးပြီး တိမ်နီနီ ကောင်းကင်ကိုသာ မော့ကြည့်ရင်တွေ့ရမယ် တောဘက် ကျေးလက်ဘက်ကို ကြည့်ကြစေချင်ပါတယ်။
Embed this episode
No transcript yet.