နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၇၁
from DNA Podcast Hosted by delta news agency
ဗညားမော် နွေဦးထဲက ကဗျာတွေကို လိုက်ဖတ်ရင်း၊ နွေဦးထဲက ကဗျာကို ရေးတဲ့ ကဗျာဆရာတွေကို လိုက်ကြည့်ရင်း နားလည် သဘောပေါက်လာတာ တခု ရှိပါတယ်။ ကဗျာဆရာ ဆိုတာ သူ့ရဲ့ ကဗျာဆရာအဖြစ်ကို နိုင်ငံသားအဖြစ် လူသားအဖြစ်တို့နဲ့ပါ သုံးလွန်းတင် ကျစ်ထားသင့်ပါကလား။ လူတစ်ဦးဟာ သူ့ရဲ့ ဘဝရွေးချက်ချက်အရ သူ့ရဲ့ ကျွမ်းကျင်လိမ်မာမှုအရ သူ့ရဲ့ ဝါသနာနဲ့ အထုံဗီဇအရ ကဗျာဆရာလည်း ဖြစ်ချင်ဖြစ်မယ်၊ ကျွမ်းဘားသမားလည်း ဖြစ်ချင်ဖြစ်မယ်၊ လူပြက်လည်း ဖြစ်ချင်ဖြစ်မယ်၊ နိုင်ငံရေးသမားလည်း ဖြစ်ချင်ဖြစ်မယ်၊ ဆိုက္ကားသမားလည်း ဖြစ်ချင်ဖြစ်မယ်၊ စိတ်ရောဂါကု ဆရာဝန်လည်း ဖြစ်ချင်ဖြစ်မယ်။ တပြိုင်နက်တည်းမှာပဲ သူဟာ လူသားတစ်ဦး နိုင်ငံသားတစ်ဦးအဖြစ်လည်း ပီပြင်နေရမယ်။ အထူးသဖြင့် ခေတ်က တောင်းဆိုတဲ့ အခါ အခုကာလလို့ နိုင်ငံသားတဦးဘဝ လူသားဘဝကို ကြီးကြီးမားမား ကျူးကျော်ခြိမ်းခြောက်ခံနေရတဲ့ အခါမျိုးမှာ သူ့ရဲ့ နိုင်ငံသားအဖြစ် လူသားအဖြစ်ဟာ ရှေ့တန်းတင်လာရမယ်လို့ ထင်ပါတယ်။ စဉ်းစားကြည့်ကြစေချင်ပါတယ် ခင်ဗျာ။ မနေ့တနေ့ကပဲ မြိုင်ဘက်က ပြည်သူလူထုရဲ့ ကိုယ်ထူကိုယ်ထတိုက်နယ် ဆေးရုံတရုံကို ရဟတ်ယာဉ်တွေသုံးပြီး တိုက်ခိုက်စီးနင်းသွားတဲ့ သတင်း တက်လာပါတယ်။ ကန့်ဘလူမြို့နယ်ထဲက ပဇီကြီးရွာက အရပ်သူအရပ်သား နှစ်ရာနီးပါး အသက်ဆုံးတဲ့အထိ ချင်းပြည်နယ် ဖလမ်းနားက ဝေဘူလမြို့သစ်က အရပ်သားအိုးအိမ်နဲ့ အသက်တွေကို ထိပါးတဲ့အထိ တိုက်ပွဲတွင်းမဟုတ်ဘဲ လေကြောင်းသာလွန်အင်အားနဲ့ အစုလိုက်အပြုံလိုက် လူသတ်ပွဲတွေကို ပြောင်ပြောင်တင်းတင်း လုပ်ဆောင်နေတဲ့ အချိန်ကာလဖြစ်ပါတယ်။ စစ်ကိုင်းနဲ့ မကွေးဘက်က တောင်သူတွေ လယ်သမားဘဝကနေ တော်လှန်ရေးစစ်သားဘဝပြောင်းနေရတဲ့ အချိန်ကာလ ဖြစ်ပါတယ်။ စစ်အာဏာလုဂိုဏ်းရဲ့ အာဏာလု လုပ်ရပ်တွေနဲ့ လူမဆန်တဲ့ ဖျက်ဆီးလုယက်သတ်ဖြတ်တဲ့ ဖိနှိပ်မှုလုပ်ဟန်တွေအောက်ကနေပြီး နိုင်ငံအနှံ့အပျံ့ တိုက်ပွဲနယ်မြေတွေ တခုပြီးတခု ထွက်ပေါ်နေတဲ့ အချိန်ကာလဖြစ်ပါတယ်။ တော်လှန်ရေးတပ်သားတွေကို ရင်ဆိုင်တိုက်တာထက် အရပ်သားပြည်သူလူထုတွေကို စစ်ကြောင်းထိုး လေကြောင်းကဖိနေတဲ့ အချိန်ကာလဖြစ်ပါတယ်။ ဒီလို ကာလမျိုးမှာ ပုံမှန်ဘဝတုန်းက မိမိရွေးချယ်ရာ ဘဝအလိုက် အလုပ်တာဝန်တွေ လုပ်ဆောင်ခြင်းမျှနဲ့ လုံလောက်နှစ်သိမ့်လို့ မရနိုင်တော့ပါဘူး။ ဆိုရရင် တချို့တွေရဲ့ လူမှုဘဝ စီးပွးရေးဘဝတွေဟာလည်း ပျက်ပြားနေခဲ့ပါပြီ။ အသက်ရှင်ရပ်တည်မှုအတွက် သည်ကွေ့မှာ သည်တက်နဲ့ ခတ် ဆိုတာမျိုးတွေလည်း ကြုံတွေ့နေကြရပါပြီ။ ဒီအခါမှာ နွေဦးထဲက ကဗျာတွေနဲ့ ကဗျာဆရာတွေဟာ သူ့ရဲ့ လူသားဘဝ နိုင်ငံသားဘဝ လုပ်ဆောင်စရာတွေ ဒီထက် ကြီးကြီးကျယ်ကျယ် ပြောရရင် ခေတ်က တောင်းဆိုလာတဲ့ တာဝန်တွေကို ကိုယ့်အနေအထားနဲ့ အင်အားအလျောက် ဖြည့်ဆည်းပါဝင်ကြရတာ အထူးဖော်ပြဖို့ လိုမယ် မထင်ပါ။ ရောယိမ်းလိုက် ဘသားယိမ်းလိုက်တို့ အဖြူရောင်အနုပညာပန်းခူးသူတို့လည်း ကဗျာဆရာတွေ စာရေးဆရာတွေထဲ အခြားပြည်သူလူထုအလွှာတွေလိုပဲ ရှိနေနိုင်တာကိုလည်း အထူး ဖော်ပြဖို့ လိုမယ် မထင်ပါ။ အထူးပြုဖော်ပြလိုတာကတော့ ပုံမှန်အခြေအနေမှာ ကဗျာဆရာအဖြစ်ကို နိုင်ငံသားအဖြစ်၊ လူသားအဖြစ်တို့နဲ့ပါ သုံးလွန်းတင် ကျစ်ထားထိုက်သူ ကဗျာဆရာဟာ ကဗျာဆရာဆိုတဲ့ လွန်းကို အသားပေးလည်း သူ့အလေးပေးရာနဲ့ သူလို့ ဆိုရမှာဖြစ်ပေမဲ့ လူမဆန်တဲ့ စစ်ဂိုဏ်းအုပ်စုက ပြည်သူလူထုတစ်ရပ်လုံးရဲ့ လူသားအဖြစ် နိုင်ငံသားအဖြစ်ကို မိုက်ရိုင်းစော်ကာ ဖိနှိပ်ရန်ပြနေတဲ့ ကာလမှာတော့ လူသားအဖြစ်၊ နိုင်ငံသားအဖြစ် လွန်းတွေကို ရှေ့တန်းတင် အသားပေးထိုက်ဖို့ ပိုသင့်မှာ၊ ပိုလိုအပ်မှာ မဟုတ်လား ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ အဲ့ဒီလို ကဗျာဆရာတွေလည်း မိမိရဲ့ ကဗျာစာမျက်နှာနဲ့ ကဗျာများမှသည် တိုက်ပွဲမြေပြင်အထိ တွေ့နိုင်မြင်နိုင်တာကို ကျွန်တော် အထပ်ထပ် တင်ဆက်ခဲ့ပြီးလည်း ဖြစ်ပါတယ်။ ခု တပတ်မှာတော့ အဲ့ဒီနိုင်ငံသားအဖြစ် လူသားအဖြစ်ကို ရှေ့တန်းတင် ရင်ဆိုင်နေတဲ့ ကဗျာဆရာတဦးရဲ့ ကဗျာကို တင်ဆက်လိုပါတယ်။ သူ့လုပ်ရပ်နဲ့ သူ့ရပ်တည်ချက်ကို ယုံယုံရဲရဲ ဖွင့်ဟထားတာဖြစ်တဲ့အတွက် ပုဂ္ဂလိက ကြုံးဝါးကြိမ်းပသံ ဆန်ချင် ဆန်နိုင်သော်ငြား ပြောပလောက်သူ ကဗျာဆရာရဲ့ တရားကိုယ်ကို အလင်းပေးတင်ဆက်လိုတဲ့အတွက် သူ့ကဗျာကို ရွေးချယ် တင်ဆက်လိုက်တာ ဖြစ်ပါတယ်။ ကဗျာဆရာ ညီမင်းညိုရဲ့ ငါ့နာမည် ညီမင်းညို ကဗျာ ဖြစ်ပါတယ်။
Embed this episode
No transcript yet.