နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၇၄
from DNA Podcast Hosted by delta news agency
ဗညားမော် နွေဦးမှာ သစ်ရွက်တွေ ကြွေတဲ့ပုံ သစ်ရွက်တွေ ဝေတဲ့ပုံကို ပြန်ကြည့်ပါ။ ရိုးတံပြိုင်းပြိုင်းထိ ကျသွားလောက်တဲ့ ရွက်ကြွေတောမှာလည်း နောက်ဆုံးတနေ့ ပုရစ်ဖူးတွေနဲ့ မြရည်လူး အရွက်ဖားဖားတွေနဲ့ အရိပ်ကားကား ဝေပေနိုင်တဲ့ သစ်ပင်တောအုပ် ပြန်ဖြစ်တာပဲ။ အမြဲစိမ်းတောတွေက တရွက်ချင်း ကြွေ တရွက်ချင်းပြန်ဝေတဲ့ သဘောရှိတော့ ရွက်ကြွေတသောသောနဲ့ ဝရုန်းသုန်းကားအခြေအနေတွေ ဖြတ်ကျော်ဖို့မရှိ။ သဘာဝလောကမှာ ရွက်ကြွေရာသီရှိတဲ့ အပိုင်းတွေက ရွက်ကြွေတော သဘော အခြင်းအရာတွေကို နှစ်တိုင်းမြင်ရ ရိုးတံကြဲသစ်ကိုင်းတွေမှာ ပုရစ်ဖူးတွေ ဝေဝေလာတာ ထုံးစံ ဓမ္မတာ နှစ်တိုင်းကြုံရတာဖြစ်ပေမဲ့ လူ့လောကမှာကတော့ အသိုက်အဝန်းတစ်မြုံလုံး ဝရုန်းသုန်းကားဖြစ် တော်လှန်ဒီရေတွေမြင်သစ်ပြီး အသစ်ပြန်ဝေဖို့ ကြိုးစားရ မျှော်လင့်ရတာမျိုးက အမြဲတမ်းဖြစ်မနေပါ။ သစ်ပင်လောကနဲ့ လူ့လောက မတူခြားနားပုံက လူ့လောကကြီးပြောင်းသစ်ဖို့ မလွဲမသွေ အကြမ်းပတမ်းနည်းတွေသုံးရပြီး တော်လှန်နွေဦးကို ဖြတ်ရတဲ့အခါ သစ်ပင်လောကက ရွက်ဟောင်းရွက်ကြင်တွေက အရင်ဆုံး ကြွေကျ မြေခပေးရပြီး လူ့လောကမှာတော့ အရွယ်ကောင်း အရွယ်ပျို လူငယ်လေးတွေက သူတို့ရဲ့ အသက်နဲ့ သူတို့ရဲ့ ကိုယ်ခန္ဓာ သူတို့ရဲ့ ဘဝကို ချပြီး ပေးကြရတာပဲ။ ခွန်အားနဲ့ နုပျိုခြင်းကို တော်လှန်ရေးက ဦးစားပေး တောင်းဆိုခဲ့လေသလား။ အင်အားချင်း ဖက်ပြိုင်ရတာကြောင့် အင်အားကောင်းတဲ့ လူငယ်တွေက ရှေ့ထွက်ရတာလား။ ချင့်ချိန်တွေဝေတတ်လာတဲ့ လူကြီးတွေနဲ့ သတ္တိအစွမ်းလျော့လာတဲ့ လူအိုတွေထက် တုံးဆိုတိုက် ကျားဆိုကိုက်တဲ့ ငယ်နုသူတွေက ရှေ့ထွက်လာကြတာလေလား။ ရှေ့တခေတ်က တက်လူလို့ ခေါ်ကြပြီး အခုအခါ ဂျန်ဇီလို့ ခေါ်တဲ့ လူငယ်တွေအများစုရဲ့ စွန့်စားခန်းမှာ နောက်တန်းက သူတို့ကို မွေးထုတ်ပေးလိုက်တဲ့ မျိုးဆက်ဟောင်းတွေဟာ အလွမ်းနဲ့ ကြေကွဲမှုနဲ့ မျှော်လင့်ချက်နဲ့ သောကနဲ့ ကျန်ရစ်ရတာဖြစ်ပါတယ်။ တနေ့တော့ သူတို့ဟာ အိမ်ပြန်လာကြပါလိမ့်မယ်။ တနေ့တော့ သူတို့ဟာ အောင်ပွဲမုခ်ဦးကိုဖြတ်ပြီး ပြည်တော်ဝင်လာကြပါလိမ့်မယ်။ လူကြီး လူငယ် အရွယ်ကွာခြားချက်တွေရဲ့ သဘာဝအရ နောက်ချန်နေရင်း တော်လှန်ရေး မုန်တိုင်းပြင်းပြင်းရဲ့ အဝန်းအနားမှာ အားပေးစောင့်ကြိုနေကြသူတွေဟာလည်း ဒီဂျန်ဇီ လူငယ်တွေရဲ့ အဖေ အမေတွေ ဖြစ်နိုင်ပါတယ်။ လောက သဘာဝအရ အမည်းရောင် အင်အားစုဘက်မှာ ရှေ့တက် မြေဩဇာ အဖြစ်ခံနေရတဲ့သူတွေ ရှိနေသလို အဖြူရောင် အင်အားစုဘက်မှာလည်း တရားမျှတမှုနဲ့ နိုင်ငံနဲ့ လူ့အဖွဲ့အစည်းရဲ့ လှပတဲ့ အနာဂတ်အတွက် အသက်ခန္ဓာကို စတေးနေရတဲ့ သူတွေ ရှိနေပါတယ်။ နောက်တန်း မျိုးဆက်တွေမှာ ကိုယ့်မထိအောင် သာသလို လည်သလို ရှောင်နေတဲ့ သူတွေ ရှိသလို သူတို့ လူငယ်ဘဝက သူတို့ မအောင်မြင်ကြတဲ့ ရုန်းကြွမှုအဆက်အတွက် ရင့်ကျက်တဲ့ အတွေးအမြင်တွေ၊ စုဆောင်းထားရှိနိုင်တဲ့ စည်းစိမ်တွေ၊ နောက်ဆုံး ကိုယ့်ရင်ကဖြစ်တဲ့ ရင်သွေးလူငယ်ကို နွေဦးအရေးတော်ပုံကြီးထဲ စေလွှတ်လိုက်တဲ့ သူတွေ ရှိနေတာပါပဲ။ မြေပြင်စစ်ပွဲမှာတော့ နုပျိုသူ ရဲစွမ်းသူ စွန့်ဝံသူ လူငယ်တွေ။ ဒီခေတ်အခေါ်အဝေါ်နဲ့ ဂျန်ဇီတွေက ရှေ့ထွက် ရင်ဆိုင်ကြတာပါ။ ဒီလူငယ်လေးတွေကို သူတို့ရဲ့ လူကြီးတွေက ငါတို့ရဲ့ ကလေးတွေလို့ ခေါ်လိုက် မျှော်လိုက် ပူပန်လိုက်ကြရတဲ့အခါ မော်ကြည့်ပြီး အားကိုးတဲ့ စိတ်ခံစားချက်နဲ့ပဲ ဖြစ်မှာပါ။ “ငါတို့ရဲ့ ကလေးတွေ” အခေါ်အဝေါ်မှာ ထိပ်ပုတ်ခေါင်းပုတ် စိတ်ထားတွေ မပါဘဲ လွှတ်လိုက်ရလေခြင်း စိုးရိမ်ခြင်း ဘေးအန္တရာယ် ကင်းစေခြင်း စေတနာတွေသာ ဦးစီးနေမှာ ဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် ငါတို့ ကလေးတွေ အိမ်ပြန်လာမှာကို မျှော်နေကြတယ်။ ငါတို့ ဂျန်းဇီတွေ အောင်ပွဲဆောင်ယူလာမှာကို ကြိုနေကြတယ်။ ငါတို့ဟာ နောက်တန်းမှာ ကျန်နေခဲ့သူတွေ ဖြစ်တော့ သူတို့ အိမ်ပြန်လာတဲ့အခါ ဘာတွေလုပ်ကြမလဲ ဘာတွေ လုပ်ပေးနိုင်ကြမလဲ ဒါတွေကို စဉ်းစားစိတ်ကူးရင်း လုပ်နိုင်သမျှ လုပ်ကြရင်းနဲ့ပဲပေါ့။ ဟောဒီမှာ ကဗျာဆရာ နွေဦးဝေ က ဇီတွေ အိမ်ပြန်လာတဲ့အခါ ဆိုပြီး ကဗျာတပုဒ် ရေးလိုက်တယ်။ သူ့စိတ်ကူးမှာ ကျွန်တော်တို့ စီးမျောရင် ကျွန်တော်တို့ ဘာတွေ လုပ်နိုင်မလဲ ကျွန်တော်တို့ နောက်တန်းမှာ ဘာဆက်လုပ်နိုင်မလဲ ဆက်စဉ်းစားကြတာပေါ့။
Embed this episode
No transcript yet.