နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၇၅
from DNA Podcast Hosted by delta news agency
ဗညားမော် နွေဦးမှာ အာဏာလု စစ်ဂိုဏ်းအုပ်စုဟာ သူ့ကို လက်မခံတဲ့ ပြည်သူကို ရန်သူလို့ သဘောထားတယ် ဆိုတဲ့ အချက်ဟာ ပြောစရာမလိုတော့တာလား၊ အနာကို ဓားဦးချွန်နဲ့ ဆွသလို ထပ်ခါ ထပ်ခါ ပြောနေကြရမှာလား။ မှန်ရာကိုသာ ဆိုပါမယ်။ အမုန်းတရားကို ပွားဖို့ ဆိုတာထက် ဒီစနစ်နဲ့ ဒီအုပ်စုကိုတော့ မဖယ်ရှားနိုင်ရင်တော့ နိုင်ငံလည်း အကျိုးနည်း ပြည်သူလူထုလည်း ကံမွဲသထက် မွဲစရာ အကြောင်းဖြစ်တဲ့အတွက် သူတို့က ငါတို့ကို ရန်သူအဖြစ် တိတိကျကျ သတ်မှတ်ထားပြီးဆိုတာကို ထပ်ခါထပ်ခါ ပြောလိုပါတယ်။ ရန်သူကို ချေမှုန်းတဲ့အခါမှာ သူတို့လည်း အမာထက် ပျော့မယ်ထင်တဲ့ နေရာ၊ ရုပ်ပိုင်းအရ ပျော့ပေမဲ့ စိတ်ဓာတ်ရေးရာအရ သူတို့ကို မယုံနိုင်စရာ အမာဆုံး ဆန့်ကျင်နေတဲ့ နေရာ ရေမြေအနေအထားအရ သူတို့က ဖိရတာ ပိုလွယ်ကူ ပိုထိရောက်တဲ့ နေရာက တော်လှန်သူနဲ့ တော်လှန်ပြည်သူတွေကို အကြမ်းရိုင်းဆုံး ထိုးစစ် ဆင်နေတာပါပဲ။ နေရာဒေသအနေနဲ့ ပြောရရင် စစ်ကိုင်း၊ မကွေး နယ်တွေပေါ့။ အရင် အလံနီခေတ် မြင်းခြံ မကွေး မိတ္ထီလာ မသုံးလုံးနယ်မြေထဲ လက်နက်ကိုင် တော်လှန်ရေးတွေ မှိန်ပျောက်သွားပြီးကတည်းက တိုက်ပွဲတွေ မရှိခဲ့တဲ့ နယ်မြေတွေမှာ အခုခါမှာတော့ တစ်ကြော့ပြန် သည်းသည်းထန်ထန် အနိဋ္ဌာရုံတွေဟာ အရင်ကထက် ကျယ်ဝန်း အရင်ကထက် ပြင်းထန် အရင်မကြုံဖူးသေးတဲ့ လူမဆန်တဲ့ စစ်ဂိုဏ်းအုပ်စုတွေရဲ့ လက်ချက်တွေက နှစ်ခုနစ်ဆယ် ပြည်တွင်းစစ်မှာ ဖျက်ဆီးခံခဲ့ရတဲ့ ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ် အရေအတွက်ို နှစ်နှစ်တာကာလအတွင်း သာလွန်ဖျက်ဆီးပစ်ခဲ့တာကို တွေ့နေရပါတယ်။ တိုင်းရင်းသားနယ်မြေတွေက အထိုက်အလျောက် စစ်အင်အားရှိခဲ့ နယ်မြေအရ အခွင့်သာမှုတွေရှိနေတဲ့အတွက် စစ်ဒဏ်ခံနိုင်ရည် ရပြီးဖြစ်ပေမဲ့ ဒီအညာဒေသလွင်ပြင်ခြောက်ခြောက်က ကျေးလက် အညာသားတွေဟာ အညာမွန်ဂိုတွေ ဖြစ်ကုန်ကြရတယ်။ ဒီအညာ မွန်ဂိုဆိုတဲ့ စကားလုံးဟာ ကဗျာဆရာ သစ္စာနီရဲ့ ထင်ရှားတဲ့ လှိုင်သာယာ ကဗျာထဲကပါ။ ကဗျာဆရာက တော်လှန်လှိုင်သာယာရဲ့ သေလဲ အဆန်းမဟုတ် မကြွေရဲပဲ ပန်းမလုပ်တဲ့ ပြည်သူလူထုကို အမူကွန်းတင် ရေးဖွဲ့ရင်း “ကမ္ဘာစစ်ကိုမကြုံဖူးပေမဲ့/ နာဂစ်ကိုဆုံဖူးတဲ့ မြစ်ဝကျွန်းပေါ်ပျံကျတွေ၊/ ရေကြည် မြက်နုရာ …../ လယ်ကိုပစ်လို့စက်ရုံရှာတဲ့ အညာမွန်ဂိုတွေ၊/ ရွှေ့ပြောင်းအခြေချသူတွေစုဝေးရာ / လှိုင်သာယာဆိုတာ / မြန်မာပြည်ရဲ့/ ထောပတ်စော်မနံတဲ့ / နယူးအင်္ဂလန်ပေါ့။” အခုတော့ အညာမွန်ဂိုတွေဟာ မီးရှို့ခံရတဲ့ ကြားက ပြန်ရုန်းကြွလာတဲ့ မြက်ရိုင်းတွေ ဖြစ်နေပြီ။ ရွာလုံးကျွတ် ကွက်ပြည့်ထိုး မီးတိုက်ခံထားရလို့ အိုးမဲ့ အိမ်မဲ့ သူပုန်တွေ ဖြစ်နေပြီ။ ဒီတော့လည်း သစ္စာနီရဲ့ အညာမွန်ဂိုဆိုတဲ့ စကားလုံးကို အသိအမှတ်ပြု ဖော်ပြခေါင်းစဉ်တပ်ပြီး ကဗျာရေးလိုက်တဲ့ ကဗျာဆရာ လေလွင့်ရဲ့ အဆိုအရ ကန္တာရထဲက ဝံပုလွေရိုင်းတွေ ဖြစ်နေပြီ။ ပြောရရင် ဒီနွေဦးတော်လှန်ရေးဟာ အညာမြေတစ်ပိုင်းထဲရဲ့ တော်လှန်ရေးမဟုတ်ပါဘူး။ ဒါပေမဲ့ ဗမာလူမျိုးကြီးစိတ်နဲ့ လက်ဝါးကြီးအုပ် လက်နက်နဲ့ အာဏာ အားကိုးစိတ် ကြီးတဲ့ မြန်မာနိုင်ငံရဲ့ စစ်ဂိုဏ်းအုပ်စုဟာ အရှေ့မြောက်တစ်ခွင်မှာ ဗမာကွန်မြူနစ်ပါတီ ပြိုကွဲသွားပြီးတဲ့နောက်ပိုင်း ဗမာတော်လှန်ရေးသမားတွေမရှိတော့ တိုင်းရင်းသား လက်နက်ကိုင်အုပ်စုတွေကို တစ်စုချင်း ခြိမ်းခြောက် အခွင့်ရေးပေး ချော့မြှူ ဆုတ်တက်လှုပ်ရှား အစိတ်စိတ်ခွဲခြားရင်း ပြည်တွင်းစစ်ကို ကောင်းစွာ မွေးမြူထားနိုင်ခဲ့တယ်။ မီးကိုလည်း ငြှိမ်းဟန်ပြုတယ် မီးကိုလည်း လောင်စေတယ် ဆိုတဲ့ နည်းဟန်နဲ့ သမိုင်းအရ အခြေစိုက်ရာ ဒေသအရ တစ်စုချင်းရှိတဲ့ တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေကို တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေအဖြစ် နှိမ့်ချဆက်ဆံရင်း ဗမာတိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကို ဟုန်းဟုတ်း ထမတောက်နိုင်အောင် ဗျူဟာ မျိုးစုံနဲ့ ဖျောက်ထားနိုင်ခဲ့တယ်။ အခု အညာမွန်ဂိုတွေ ပေါ်လာပြီ။ ခက်ခက်ခဲခဲ ရုန်းကန်းနေကြရတာ မှန်ပေမဲ့ အရပ်သားပြည်သူလူထုကိုပဲ ရပ်ကြေရွာကြေ ချေမှုန်းခံနေရပေမဲ့ မိစ္ဆာနယ်နိမိတ်ကို နောက်ဆုံး ချောင်ပိတ်ကန့်သတ်ပယ်ဖျက်ဖို့ တော်လှန်စိတ်ဟာ အညာမွန်ဂိုတွေရဲ့ ငယ်ထိပ်အထိ အမြင့်ဆုံး တက်နေခဲ့ပြီးပြီ။ ကဗျာဆရာ လေလွင့်ဟာ အရှိတရားကို လက်ခံရင်ဆိုင်ပါတယ်။ ပျောက်ဆုံးသွားတဲ့ ရွာပျက်တွေ ရှိနေခဲ့ပြီတဲ့။ ဒါပေမဲ့ စိတ္တာဓိပတိ စိတ်ဓာတ်ကို အဓိပတိတပ်ပြီး ဒီလို မာန်တင်းလိုက်ပါတယ်။ ဒီရွာပျက်ကြီးတွေဟာ အညာမွန်ဂိုတွေရဲ့ ရှင်သန်ရာ အင်ပါယာပါပဲ တဲ့။ အညာမွန်ဂိုတွေရဲ့ မာန်တင်းသံကို ကဗျာဆရာ လေလွင့်ရဲ့ အညာမွန်ဂိုကနေ ကျွန်တော်တို့ ကြားလိုက်ရပါကြောင်း။
Embed this episode
No transcript yet.