Skip to content
နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၇၆ episode artwork

May 26, 2023 6 min

နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၇၆

from DNA Podcast Hosted by delta news agency

ဗညားမော် နွေဦးဟာ တရွက်ကြွေ တရွက်ဖူးပြီး ပင်ချင်းယှက်နေကြတဲ့ သစ်တောအုပ်ရဲ့ ဇာတ်လမ်းပုံပြင်လား။ ရင်နာစရာကတော့ ကြွေတဲ့ သစ်ရွက်တွေ ရှိတယ်။ ကြွေတဲ့ ကြယ်တွေရှိတယ်။ ကြွေတဲ့ အာဇာနည်တွေ ရှိတယ်။ သဘာဝကိုတော့ မလွန်ဆန်နိုင်ဘူး။ စိတ်ဓာတ်နဲ့ တိုက်ရတာတင်မဟုတ်ဘူး၊ လက်နက်နဲ့ တိုက်ရတာတင် မဟုတ်ဘူး။ အသက်တွေနဲ့လည်း တိုက်ကြရတာဟာ တိုက်ပွဲပဲ၊ စစ်ပဲ၊ တော်လှန်ရေးပဲ၊ အရေးတော်ပုံပဲ။ တရွက်ချင်းကြွေတာလည်း အရေးကြီးတယ်။ တရွက်စီ ဖူးသစ်လာတာလည်း အရေးကြီးတယ်။ ဒါပေမဲ့ တပင်လုံး ကြံ့ခိုင်ရပ်တည်တာက အရေးကြီးဆုံးပဲလို့ တွက်ထားရတဲ့အခါ တယောက်ပြီး တယောက် တဘဝပြီး တဘဝ ဆက်လက်နေရတဲ့ တော်လှန်ရေး ရေအလျဉ်ကို မြင်မိတယ်။ လွတ်လပ်ရေးနဲ့ မီးထွက် မီးဝင် ပြည်တွင်းစစ်ကို ပြန်မြင်မိတယ်။ ဆယ်နှစ်ဆယ်မိုး ပါလီမန်ဒီမိုကရေစီကို ရှင်သန်အောင် မပျိုးနိုင်ခဲ့တဲ့ အဖြစ်တွေကို ပြန်မြင်မိတယ်။ တိုင်းရင်းသား ပုန်ကန်သူတွေကို မွေးဖွားပေးလိုက်တဲ့ အပျက်တွေကို ပြန်မြင်မိတယ်။ ၁၉၆၂ က စခဲ့တဲ့ စစ်တပ်ရဲ့ အာဏာ လက်ဝါးကြီးအုပ်မှုတွေကို ပြန်မြင်မိတယ်။ ၁၉၇၄ ခုနှစ်မှာ ဖြစ်လာတဲ့ တပါတီ စစ်ထွက်မိုးကျရွှေကိုယ်တွေရဲ့ အရပ်သားယောင်ဆောင်တဲ့ အစိုးရစံနစ်ကို ပြန်မြင်မိတယ်။ ၁၉၈၈ မှာ ပြည်သူလူထုရဲ့ နိုင်ငံတဝန်း အရေးတော်ပုံကြီးကြောင့် တပါတီစနစ် နိဋ္ဌိတံပေမဲ့ စစ်တပ်က အာဏာသိမ်းပြီး စစ်အာဏာရှင်စနစ်အပြင် အရပ်သားနဲ့ စစ်သားခွဲခြားတဲ့ စစ်ဇာတ်စနစ်ကိုပါ အပီအပြင် သွတ်သွင်းခဲ့တာကို ပြန်မြင်မိတယ်။ အဆင့်ဆင့် မတရား အုပ်စိုးမှုတွေမှာ အဆက်ဆက် တွန်းလှန်ဖို့ကြိုးစားခဲ့ မိမိတို့ရဲ့ ဘဝနဲ့ အသက်တွေကို ပေးဆက်ခဲ့ရသူတွေကိုတော့ ပြန်မြင်အမိဆုံးပါပဲ။ လက်ရှိ နွေဦးတော်လှန်ရေးမှာ စစ်ဇာတ်ကို အမြစ်ဖြတ်ဖို့ ပြည်သူလူထု တရပ်လုံး ပိုင်းဖြတ်ပါဝင်လာနိုင်ကြတာဟာ အဆက်ဆက် တော်လှန်ရေးသမားတွေ တယောက်ပြီးတယောက် တဘဝပြီး တဘဝ ဆက်လက်ခဲ့ကြတဲ့ အကြောင်းဆက် အကျိုးသက်ပဲလို့ ဆိုနိုင်ပါတယ်။ တဦးချင်း တဘဝချင်း ဆုံးရှုံးခဲ့ရတာတွေ များလှပါတယ်။ ပြန်လည်မတွေးတောချင်လောက်အောင် ကြေကွဲဝမ်းနည်းဖွယ်ရာ ဘဝတွေ ရှိခဲ့ရပါတယ်။ ဒါပေမဲ့ ဒီစစ်အာဏာရှင်စနစ်ကြီး အမြစ်တွယ်နေသေးသရွေ့ ဒီလို အဖြစ်တွေကြုံနေရ၊ လူ့အခွင့်အရေးတွေ ဆုံးရှုံးနေရ၊ တိုင်းရင်းသား သာတူညီမျှမှုတွေ ကွယ်ပနေရ၊ နိုင်ငံနဲ့ နိုင်ငံသားတွေရဲ့ အနာဂတ်တွေဟာလည်း မျှော်လင့်ချက်မဲ့မဲ့ ဖြစ်နေရမှာကို အားလုံးက သဘောပေါက်နားလည်သွားကြပြီးတဲ့နောက် တယောက်ပြီးတယောက် တဘဝပြီးတဘဝ အခု နွေဦးအရေးတော်ပုံကြီးမှာ ဆက်လက်တိုက်ပွဲဝင်နေကြရတာပါပဲ။ ကျွန်တော်တို့ရဲ့ တော်လှန်ရေးသူရဲကောင်းတွေ နွေဦးတော်လှန်ရေးအရေးတော်ပုံကြီးအတွက် တယောက်ပြီးတယောက် အသက်ပေးသွားကြတဲ့ခါ ကြယ်တွေ တပွင့်ပြီးတပွင့်ကောင်းကင်မှာ ထွန်းလင်းတယ်လို့ မှတ်ယူမော့ကြည့်ကြရင်းနဲ့ ကောင်းကင်မှာ ကြယ်ပန်းတခင်း ဖြစ်နေပြီလား။ ဒီကြယ်ပန်းခင်း ကျယ်ပြန့်သထက် မပြန့်ဖို့က မြေပြင်တော်လှန်ရေးမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်နေသူတွေထက် ကျည်လွတ်မြေမှာ နေနေကြတဲ့ ပြည်သူလူထုရဲ့ အားဖြည့်မှု ကိုယ်အမူအရာ စိတ်အမူအရာတွေဟာ အရေးပါလှတာကို ကြည့်တတ်မြင်တတ်ပါဝင်တတ်ကြစေချင်ပါတယ်။ တော်လှန်ရေး ခရီးဟာ ရေရှည်ခရီးဖြစ်တာကြောင့် အစောပိုင်းမှာ ကျွန်တော် ပြောခဲ့သလို ခေတ်အဆက်ဆက် တော်လှန်လူငယ်လူကြီးတွေက တယောက်ပြီးတယောက် တဘဝပြီး တဘဝ ဆက်လက်ခဲ့ကြပြီးပါပြီ။ အခု ခရီးဟာ ပြည်သူလူထု တရပ်လုံးရဲ့ များရာစု ပါဝင်လာတာဖြစ်တဲ့အတွက် တော်လှန်ရေးခရီးတာရဲ့ နောက်ဆုံးအဆင့်ဖြစ်နိုင်သလို ကျွန်တော်တို့ရဲ့ စစ်အာဏာရှင် အဖြစ်ဖြတ်တော်လှန်ရေးပြီးမြောက်နိုင်ဖို့ နောက်ဆုံးအခွင့်လည်း ဖြစ်နိုင်နေပါတယ်။ ဒီအဆင့်ကနေ အောင်ပွဲကိုလည်း လှမ်းမြင်နေရပြီဖြစ်ပါတယ်။ နောက်ထပ် တယောက်ပြီးတယောက် တဘဝပြီး တဘဝ ထပ်မဆုံးရှုံးရအောင် နေသာတဲ့အရပ်မှာ ကြားခိုသက်သာခွင့်ရနေသူတွေက ဝိုင်းဝန်းရုန်းကန်ပေးကြဖို့ အရေးကြီးလှပါတယ်။ ကျွန်တော်တို့ရဲ့ ရုပ်ပိုင်းအင်အား စိတ်ပိုင်းအင်အား နောက်တန်းက ဖြည့်ဆည်းမှုတွေဟာ ရှေ့တန်းမှာ အသက်ကို ဌာပနာပြီး ရင်းနေကြသူတွေနဲ့ တိုက်ပွဲနေမြေရဲ့ ကျည်ကြား မီးတိုက်မှုကြား လက်နက်ကြီးကြား လေကြောင်းက ဗုံးနဲ့ စက်သေနတ်ကျည်ဆန်တွေကြားက အသက်လုပြေးလွှားရှင်သန်နေကြရတဲ့ စစ်ပြေးသွေးရင်းပြည်သူများအတွက် စစ်ဆင်းရဲကာလကို ကန့်သတ်နိုင်မှာ အမှန်ဖြစ်ပါတယ်။ တယောက်ပြီး တယောက် တဘဝပြီး တဘဝ ဆက်လက်ရတဲ့ အရေးတော်ပုံကာလ တိုလေ ကျွန်တော်တို့ ဂုဏ်ယူကြေကွဲစွာ ရပ်တန့်မော့ကြည့်ရမယ့် ကြယ်ပန်းတခင်း မကျယ်ပြန့်လေပဲ ဖြစ်နိုင်မှာပါ။ ကဗျာဆရာ နေသွင်နိုင်းရဲ့ တယောက်ပြီးတယောက် တဘဝပြီးတဘဝ ဆက်လက် ဆိုတဲ့ ကဗျာကို ဆက်လက် နားထောင်ကြည့်ကြပါ ခင်ဗျား။

Episode details come from the podcast's RSS feed.

Embed this episode

Ready to play

နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၇၆

0:00 6:48

No transcript yet.

Requests help us decide what to transcribe next.

Frequently asked questions

How long is this episode of DNA Podcast?

This episode is 6 minutes long.

When was this DNA Podcast episode published?

This episode was published on May 26, 2023.

Can I download this DNA Podcast episode?

Yes. Use the download control on the episode player to save the publisher-provided media file.