နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၇၈
from DNA Podcast Hosted by delta news agency
ဗညားမော် နွေဦးထဲက ကဗျာတွေဟာ စာအုပ်တွေ ဖြစ်လာတယ်။ အီးဘုခ်တွေ ဖြစ်လာတယ်။ နွေဦးတော်လှန်ရေး ရန်ပုံငွေအတွက် ရောင်းချစရာ တွေလည်း ဖြစ်တယ်။ ထူးဆန်းတဲ့ ကိစ္စလို့ မထင်လိုက်ကြပါနဲ့။ ကဗျာစာအုပ်ဆိုတာ ပုံမှန်အားဖြင့် အရောင်းထိုင်း ပစ္စည်းဖြစ်ပါတယ်။ ဒါပေမဲ့ နွေဦးထဲမှာတော့ နွေဦးကဗျာတွေ ပါဝင်တဲ့ ကဗျာစာအုပ်တွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေအတွက် ထောက်ပို့ငွေတစိတ်တဒေသကို ဖြည့်ဆည်းပေးတဲ့ အရာတွေလည်း ဖြစ်ပါတယ်။ ပြည်ပမှာ အခြေချနေထိုင်တဲ့ ကဗျာဆရာတွေရဲ့ နွေဦးကဗျာစာအုပ်တွေလည်း ထွက်ခဲ့တယ်။ ပြည်တွင်းက အထူးသဖြင့် လူငယ် ကဗျာဆရာတွေရဲ့ နွေဦးကဗျာအီးဘုခ်တွေလည်း ထွက်ခဲ့တယ်။ အိမ်နီးချင်း ဒုတိယနိုင်ငံကနေ ထုတ်ဝေတဲ့ နွေဦးကဗျာစာအုပ်တွေလည်း ထွက်ခဲ့တယ်။ အခု လတ်တလောမှာ ထွက်နေတဲ့ ပြည်ကက မြန်မာတွေ ဝယ်ယူအားပေးလို့ ရတဲ့ ကဗျာစာအုပ်အမည်က မြို့ထဲကို စစ်ကားတွေ ဝင်လာပြီးကတည်းက တဲ့။ နွေဦးနဲ့ မရှေးမနှောင်း မွေးဖွားလာတဲ့၊ သို့မဟုတ်ရင်လည်း လူသိများလာတဲ့ လူငယ်ကဗျာဆရာ Plug X က ရေးတဲ့ စာအုပ်ဖြစ်တယ်။ ပြောရရင် နွေဦးတော်လှန်ရေးဟာ လူငယ်တွေရဲ့ အခန်းကဏ္ဍဟာ အခရာကျသလို နွေဦးကဗျာတွေမှာလည်း လူငယ်တွေရဲ့ ကဗျာတွေဟာ အခရာကျတယ်။ တကယ်တမ်း နွေဦး တော်လှန်ကဗျာတွေကို ထက်ထက်သန်သန် ရေးနေသူတွေဟာ တော်လှန်ရေးထဲ တနည်းမဟုတ် တနည်း ပါဝင်နေတဲ့ လူငယ်တွေပဲ ဖြစ်ပါတယ်။ ပြည်ပကနေ လွတ်လွတ်လပ်လပ် ရေးနေသူတွေထဲက ကဗျာဆရာတွေ ဆိုတာ လက်ချိုး ရေလို့ ရပါတယ်။ အဲ့ဒီလိုပဲ ပြည်တွင်းကနေ နွေဦးတော်လှန်ကဗျာကို သတိထားပြီး ချိန်ချိန်ဆဆ ရေးနေသူကဗျာဆရာတွေဟာလည်း လက်ချိုးရေလို့ ရနိုင်ပါတယ်။ တော်လှန်ရေးထဲ ပါဝင်နေကြတဲ့ လူငယ် ကဗျာရေးသူတွေကတော့ မြေပြင်တော်လှန်ရေးအတွေ့အကြုံလည်း နေ့စဉ်နဲ့အမျှ ထိတွေ့နေရတယ်။ တော်လှန်ရေးစိတ် ထက်သန်မှုနဲ့ ဖွင့်ထုတ်ဖော်ကျူးလိုတဲ့ ကဗျာစိတ်ကလည်း ရှိနေသမျှ နွေဦးကဗျာတွေဟာ သူတို့ဆီက တသွင်သွင်စီးလာတယ်။ ဂျပန်ခေတ်ပြီးစမှာ တော်လှန်ရေးအတွေ့အကြုံတွေ သွန်ချလိုက်သလို လူငယ်စာရေးဆရာ ကဗျာဆရာတွေရဲ့ စာပေလက်ရာသစ်တွေ ထွန်းပေါ်လာခဲ့တဲ့ စာပေသမိုင်းကို သတိရမိတယ်။ အခုတော့ ခေတ်အခြေအနေအရ ချက်ချင်းသမိုင်းကို ချက်ချင်းထင်ဟပ်တဲ့ နွေဦးကဗျာတွေဟာ တော်လှန်ရေးကာလထဲမှာကို ထွက်ပေါ်နေသလို စာဖတ်သူ ကဗျာဖတ်သူတွေဆီကို နည်းလမ်းမျိုးစုံနဲ့ ရောက်လာနေတယ်။ ဒီလူငယ် ကဗျာဆရာတွေကို အထူးပြုတဲ့ အနေနဲ့ရော ကဗျာစာအုပ်ရောင်းပြီး တော်လှန်ရေးရန်ပုံငွေအတွက်ကြိုးပန်းနေကြပုံကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေလိုတဲ့ အနေနဲ့ပါ လတ်တလော ထွက်နေတဲ့ မြို့ထဲကို စစ်ကားတွေ ဝင်လာပြီးကတည်းက စာအုပ်ထဲက ကဗျာတစ်ပုဒ်ကို တင်ဆက်လိုက်ပါတယ်။ စာအုပ်အမည်ယူထားတဲ့ ခေါင်းစဉ်နဲ့ ကဗျာကိုပဲ နားထောင်ကြရအောင်ပါ။ ဒီကဗျာမှာ ခပ်ကြမ်းကြမ်း ရေးထားတဲ့ လိင် အသုံးအနှုန်းတချို့ ပါဝင်နေပေမဲ့ လူငယ်ကဗျာဆရာတချို့ ရေးတတ်သလို သုံးတတ်သလို ဂေါ်ချင်လို့ ရှော့ခ်ရစေလိုလို့ သုံးပုံမျိုးမဟုတ်ဘဲ စစ်တပ်ရဲ့ လုပ်ရပ်တွေအတွက် လိုက်ဖက်တဲ့ စကားသုံးတွေလို့ ခံစားမိတယ်။ မြို့ထဲကို စစ်ကားတွေ ဝင်လာပြီးကတည်းက ဆိုတဲ့ ကဗျာဟာ နွေဦးတော်လှန်ရေး အစောပိုင်းကာလကို ရေးသားထားတဲ့ ကဗျာဖြစ်ပါတယ်။ မြို့ထဲကနေ စစ်ကားတွေ မောင်းထုတ်ပြီးတဲ့ အချိန်မှာ ကဗျာဆရာ Plug X ဆီက နောက်ထပ် ကဗျာတပုဒ် ဖတ်ရဖို့ ကျွန်တော်တို့အားလုံး မျှော်လင့်နေကြပါကြောင်း။
Embed this episode
No transcript yet.