နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၇၉
from DNA Podcast Hosted by delta news agency
ဗညားမော် နွေဦးထဲက ကဗျာတွေကို ဖတ်ရင်း တပ်မတော် စာတိုက် ဆိုတဲ့ ဟိုး ရှေးကာလများမှာ မြန်မာ့အသံ ရေဒီယိုကနေ လွှင့်ထုတ်ပေးခဲ့တဲ့ ကဏ္ဍတခုကို ပြေးပြီး သတိရမိတယ်။ အခုချိန်မှာ ဒီကဏ္ဍ ဆက်ပြီး ရှိနေသေးရော့သလား ပြေးနားမထောင်မိပါ။ မြန်မာစစ်တပ်မှာ မြဝတီဆိုတဲ့ ကိုယ်ပိုင် ရုပ်သံ မီဒီယာရှိလာနေတာတောင် ကြာလှပြီကပဲ။ ပြောချင်တာကတော့ အဲ့ဒီ အသံလွှင့်ကဏ္ဍဟာ မိသားစုနဲ့ အဆက်အသွယ်ပြတ်နေတဲ့ စစ်သားတွေကို သတင်းစကားပါးဖို့ အသံလွှင့်ဌာနကို စာရေးထည့်သွင်းနိုင်ခဲ့တဲ့ နေရာပါပဲ။ “အဆက်အသွယ် မရသည်မှာ ကြာပြီဖြစ်ပါ၍” ဆိုတဲ့ စကားစုဟာ ဒီစာတိုက်ထဲဝင်လာတဲ့ စာတွေမှာ အခရာပေါ့။ အဲ့ဒီအစောပိုင်းကာလတွေမှာ မြန်မာ့တပ်မတော်ဆိုတာ ပြည်သူလူထုရဲ့ ရင်ထဲ ရှိနေသေးတဲ့ အချိန်လို့ ဆိုနိုင်တော့ ဒီကဏ္ဍဟာ သက်ဆိုင်သူတွေအတွက် အသက်သွေးကြောဖြစ်သလို မသက်ဆိုင်သူတို့အတွက်လည်း ခရီးသွားဟန်လွှဲ နားထောင်ကရုဏာသက်စာနာဖွယ် ဖြစ်ပါတယ်။ အခုအချိန်မှာတော့ မြန်မာနိုင်ငံမှာ မြန်မာစစ်တပ်ဆိုတာ ဂိုးသွားပါပြီ ဂွမ်းသွားပါပြီလို့ပဲ ဆိုရပါလိမ့်မယ်။ တပ်တောင်တာဗိုလ်ထု အစုစုတွေဟာ စစ်ဂိုဏ်းအုပ်စုရဲ့ လူသတ်လုယက်မီးရှို့ လုပ်ရပ်တွေကို မခံမရပ်နိုင်တဲ့ ပြည်သူတွေထဲက အလုအယက် ပေါ်ပေါက်လာခဲ့တာ ဗိုလ်တထောင် တပ်တထောင်လို့ ဆိုချင်လည်း ဆိုကြရော့။ မီးကျရာမှာ ထွက်ပြီး မီးငြှိမ်းကြရတာကိုး။ အရင်ကတည်းက လောင်ကောင်းတုန်း စစ်မီးလျှံရှိတဲ့ တိုင်ရင်းသား ဒေသတွေမှာလည်း အီးအေအို တွေရှိတုန်း။ တိုင်းရင်းသားလက်နက်ကိုင်အင်အားစု ဆိုတဲ့ အခေါ်အဝေါ်ကနေ အဓိက အင်အားစုတွေဟာ အနှစ်သာရရှိစွာ တိုင်းရင်းသား တော်လှန်ရေးအင်အားစု ဆိုတဲ့ ခေါင်းစဉ်အောက်ကို နွေဦးတော်လှန်ရေးရဲ့ တပ်အစုစုနဲ့ ချိတ်ဆက်ပြောင်းလဲနိုင်ခဲ့ကြ။ အဆက်အသွယ် အချိတ်အဆက်နဲ့ ဒေသ ပရောဂတွေအရ မူလ အကွဲကွဲအပြားပြား စတင်ခဲ့တဲ့ တပ်တွေလည်း အားလုံးလိုလို အားကောင်းအောင် ပေါင်းစည်းနေကြလေပြီ။ ဆိုရရင်တော့ လက်နက်ကိုင် ဖက်ပြိုင်နေတဲ့ တပ်တွေကြားမှာ မြတ်တဲ့ တပ်နဲ့ ယုတ်တဲ့ တပ်၊ စစ်တဲ့ စစ်သားနဲ့ မစစ်တဲ့ စစ်သား နှစ်ပိုင်း ကွဲပြားသွားကြလေပြီ။ ဒါကြောင့် စစ်ဂိုဏ်းအုပ်စု လက်ဝယ် ဆုပ်ကိုင်ထားဆဲ ဖြစ်တဲ့ နိုင်ငံပိုင် အသံလွှင့်ဌာနမှာ တပ်မတော်စာတိုက် ရှိသေးလား မသိသော်လည်း ပြည်သူလူထုရဲ့ နွေဦးတော်လှန်ရေး အရေးတော်ပုံ တပ်သားအဖြစ် အကျုံးဝင်တဲ့ စစ်သည်တော်တွေ တပ်ဖွဲ့တိုင်းမှာ ရှိနေတဲ့အတွက် သူတို့အတွက် စစ်သည်တော် စာတိုက် ကဏ္ဍတခု ဘယ် အသံလွှင့် မီဒီယာတခုကနေ စီစဉ်ပေးနိုင်မလဲ။ ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်တာကို မခံရနိုင်တဲ့၊ ဒါမှမဟုတ် တနည်းနည်းနဲ့ ကျော်လွှားဆက်သွယ်နိုင်တဲ့ နေရာတွေ ရောက်နေတဲ့ နွေဦးစစ်သည်တွေဟာ အွန်လိုင်းမီဒီယာတွေနဲ့ မိုဘိုင်းဖုန်းတွေကနေ သူတို့ရဲ့ မိဘဆွေမျိုးတွေနဲ့ တနည်းနည်း ဆက်သွယ်ရနိုင်ပေမဲ့ အဲ့ဒီလို ဆက်သွယ်မှု ဧရိယာပြင်ပကို ရောက်နေတဲ့ ဒါမှမဟုတ် ဆက်သွယ်မှု ပိတ်ဆိုထားတဲ့ ဧရိယာအတွင်း ကျနေတဲ့ သူတွေဆီ နောက်တန်းက ချစ်ခင်သူတွေက သတင်းစကားပါးနိုင်ဖို့ လမ်းတလမ်း ဖောက်ပေးလို့ရရင် အဆင်ပြေမှာပဲလို့ စိတ်ကူးယဉ်မိတယ်။ အဲ့ဒီလို စစ်သည်တော် စာတိုက် ကဏ္ဍမှာ ဖတ်ပြဖို့ ကောင်းမယ့် ကဗျာတပုဒ်ကို ဒီတပတ်မှာ တင်ဆက်ချင်ပါတယ်။ မိမိရဲ့ သံယောဇဉ်ရပ်ဝန်းနဲ့ အဆက်အသွယ် ပြတ်တောက်နေသူ နွေဦးစစ်သည်များ ဒီကဗျာကို နားထောင်ရတဲ့အခါ စိတ်ဓာတ်ခွန်အား တစုံတရာ ရလိမ့်မယ်လို့ ယုံကြည်မိပါတယ်။ ကဗျာဆရာ မောင်လင်းရိပ်ရဲ့ ကဗျာတပုဒ်ဖြစ်ကြောင်းပါခင်ဗျား။
Embed this episode
No transcript yet.