နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၈၂
from DNA Podcast Hosted by delta news agency
ဗညားမော် နွေဦးဟာ ရွက်ဟောင်းကို ချွေပြီး ရွက်သစ်တွေကို ဝေစေလိမ့်မယ်။ နွေဦးမှာ ခေတ်ဟောင်းက ကြွေကျသွားပြီး ခေတ်သစ်က စိမ်းမြခက်ဝေလာလိမ့်မယ်လို့ ကျွန်တော်တို့အားလုံး ယုံကြည်ထားကြတာပါပဲ။ သဘာဝလောကမှာ ပြောင်းလဲမှု ဖြစ်စဉ်က သဘာဝအလျောက်ဖြစ်သွားပေမဲ့ လူ့လောကမှာတော့ ပြောင်းလဲမှု ဖြစ်စဉ်အတွက် ကျွန်တော်တို့ ရင်းနှီးပေးဆပ်ရတာတွေဟာ မနည်းလှသလို ဒီပြောင်းလဲမှု ဖြစ်စဉ်အတွက် ကြိုးပမ်းတိုက်ပွဲဝင်နေရတဲ့ ကာလအတွင်း ခံစားရ တွေ့ကြုံရတဲ့ အနိဋ္ဌာရုံတွေကို မလွှဲရှောင်တမ်း ရင်ဆိုင်နေရတော့ ခေတ်သစ်မရောက်ခင် ဒီအကာလကြီးကိုလည်း ဘယ်သူမှ လိုလားလက်ခံကြတာမဟုတ်ပါဘူး။ ဒီအရေးတော်ပုံကြီးကို အောင်မြင်စွာ ဖြတ်ကျော်နိုင်မှပဲ လွတ်လပ်ငြိမ်ချမ်းမယ့် ခေတ်သစ်ဦးရောင်နီကို ဖူးကြရမှာကြောင့်သာ အားတင်းဖြတ်ကျော်နေကြရတာပါပဲ။ ဒါပေမဲ့ နုပျိုတဲ့ အရွယ်နဲ့ လွတ်လပ်ပျော်ရွှင်ရမယ့် လူငယ်ဘဝကို စွန့်လွှတ်ထားရပြီး မျှော်လင့်ဖွယ် အခွင့်အလမ်းတွေ ဝေဆာနေတဲ့ အခြေအနေကို ဗြုန်းဆို ပျောက်ဆုံးသွားရတဲ့ လူငယ်တွေဟာ ဒီခေတ်ကို မုန်းတယ်လို့ ပြောခွင့်မရှိပေဘူးလား။ ဘာကြောင့်ဆို အရေးတော်ပုံကြီးထဲမှာ အများစုဟာ သူတို့တွေပဲ။ အားကောင်းမောင်းသန် ပါဝင်တော်လှန်နေတာ သူတို့ တွေပဲ။ ပြောကြစို့ဆိုရင် အဆုံးအရှုံးအများဆုံးဟာလည်း သူတို့ ဘဝတွေပဲလို့ မဆိုနိုင်ပေဘူးလား။ ဒါကြောင့်သာပဲ PlugX ရဲ့ ကဗျာတပုဒ်ထဲမှာ “'ချစ်ကြိုက်နေတာမဟုတ်ဘူး ၊ စစ်တိုက်နေတာ”ဆိုတဲ့/ မရယ်ရတဲ့ဟာသကြီးက ငါတို့ဆီမှာ ခေတ်စားတယ်။” ဆိုတဲ့ စာသားမျိုးကို တွေ့ရနိုင်တယ်။ အောင်ဖြိုးဝေရဲ့ ကဗျာတပုဒ်ထဲမှာ “စစ်ကြီးပြီးရင် ဂစ်တာမတီးတော့ဘူး၊/ မင်းတို့ချည်းပဲ ပျော်ကြ” ဆိုတဲ့ စာသားမျိုးကို ဖတ်ရနိုင်တယ်။ ဒါကြောင့် နွေဦးထဲက ကဗျာတစ်ပုဒ်မှာ လူငယ်လေးတယောက်ရဲ့ အသံကို ကိုယ်စားပြုပြီး “ဒီခေတ်ကို ငါ မုန်းတယ်” လို့ ခေါင်းစဉ်တပ်ထားရင် ဒါအငေါ်တူးနေတာမဟုတ်ဘူး။ သူတို့ရဲ့ ခံစားချက်ကို ကျွန်တော်တို့ အလေးအနက်ပြုရပါလိမ့်မယ်။ ဒါပေမဲ့ ဒီလူငယ်တွေဟာ ဒီခေတ်ကို ငါ မုန်းတယ် ဆိုပြီး ဒီခေတ်ကနေ ရှောင်ပုန်းနေတဲ့ သူတွေ မဟုတ်ပါဘူး။ ဒီခေတ်ကို တည့် ရင်ဆိုင်ပြီး မုန်းတဲ့ ဒီခေတ်ကြီးကို ဆုံးအောင် သတ်ပစ်မယ့် အဆုံးထိအောင် သွားမယ့် လူငယ်တွေ ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ ဒါပေမဲ့ အဆုံးမရှိတဲ့ လွတ်လပ်မှုတွေနဲ့ ပျော်ရွှင်နေရမယ့် သူတို့ရဲ့ လူငယ်ဘဝကို စတေးပစ်ရတဲ့ ဒီခေတ်ကို မုန်းတယ်လို့ ဆိုလာရင်လည်း ဆိုခွင့်ပြုရမှာပဲ ဖြစ်တယ်။ ဘာကြောင့်ဆိုတော့ ဒီခေတ်ကြီးကို ရင်ဆိုင်ဖို့ ရဲရဲရင့်ရင့် တိုးဝင်သွားတဲ့ နွေဦးအရေးတော်ပုံရဲ့ အဓိက အင်အားစုဟာလည်း ဒီလူငယ်တွေပဲ မဟုတ်လား။ ဒီခေတ်ကို ရဲရဲ ရင်ဆိုင်တဲ့ သူတွေဟာ ဒီခေတ်နဲ့ ပတ်သက်ပြီး ပြောရေးဆိုခွင့် အပြည့်အဝ ရှိတာပဲ မဟုတ်လား။ ဒီခေတ်ကို သာသလို ရှောင်နေတဲ့ သူတွေကတော့ ဒီခေတ်နဲ့ ပတ်သက်ပြီး ထင်လိုရာ ထင် တင်လိုရာ တင် အသင်တို့မှာ ပြောရေးဆိုခွင့်ကတော့ အပြည့်မရှိနိုင်ပေဘူး။ ခေတ်ကို ဖန်တီးဖို့ ပါဝင်ကြိုးစားရုန်းကန်တိုက်ခိုက်နေသူတွေရဲ့ ခံစားမှုနဲ့ အသံတွေသာ ဧကန် အလေးထားခွင့် ရသင့်ပါရဲ့။ ဒီအသံတွေဟာ နွေဦးရဲ့ ပြန်ကြားချက် အစစ်အမှန်တွေ ဖြစ်တယ်။ ဒီအသံတွေမှာ ရင်နာရ ဒီအသံတွေကို ကြင်နာရ ဒီအသံတွေနဲ့ အားတက်ရ ဒီအသံတွေအတွက် အားပေးရ။ ကျွန်တော်တို့ဟာ ရှေ့တန်းကို မထွက်နိုင်တဲ့အခါ နောက်တန်းမှာ ကိုယ်နိုင်သမျှတာဝန်ကို မပျက်မကွက်ရအောင် ဒီအသံတွေက လှုပ်နှိုးပါတယ်။ အစဉ်အပျက် ထွက်နေတဲ့ မြစ်ကွေ့ လူထုတော်လှန်ရေးစာစဉ် အတွဲ ၂ အမှတ် ၂၃ ကနေ ဒီကဗျာကို ရယူပါတယ်။ ကဗျာဆရာ ကိန်း(ခရမ်း) ရဲ့ ကဗျာဖြစ်ပါတယ်။ စစ်တလင်းမှာ ဦးခေါင်းဘေးက ပျံသန်းထွက်သွားတဲ့ ကျည် အရေအတွက်ကို မှတ်သားနေရတဲ့ လူငယ်တွေရဲ့ ခေတ်အတွင်းက စကားသံ တစလို့ မှတ်ယူနိုင်ပါတယ်။ ဒီခေတ်ကို ငါမုန်းတယ် တဲ့။
Embed this episode
No transcript yet.