နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၈၃
from DNA Podcast Hosted by delta news agency
ဗညားမော် နွေဦးထဲမှာ ကျွန်တော်တို့ တဦးချင်းရဲ့ ကိုယ်ရေးကိုယ်တာ ဆက်နွှယ်မှုတွေအရ နွေဦးထဲက ဇာတ်လိုက်တွေ ရှိတယ်။ ကျွန်တော်တို့ တဦးချင်းရဲ့ ဇာတ်လိုက်တွေပေါ့လို့ လျှော့ပေါ့ ပြောရင်လည်း ရနိုင်ပေမဲ့ ဘယ်ကမလဲဗျာ။ နွေဦးရဲ့ ဇာတ်လိုက်တွေလည်း ဖြစ်ရတာပဲပေါ့။ ဒီနွေဦးဇာတ်လိုက် တဦးချင်းဟာ သူတို့ ကျရာ ဇာတ်ခန်းတွေကို အသီးသီး နိုင်နိုင်နင်းနင်းရော မနိုင်မနင်းရော မဖြစ်မနေ ကကြရသူတွေလို့ ကျွန်တော်က တွက်တယ်။ မှန်ပါတယ်၊ ဒီနွေဦးတော်လှန်ရေးဟာ ပြည်သူလူထုကြီးတရပ်လုံးရဲ့ အရေးတော်ပုံကြီး ဖြစ်ပေမဲ့ စိတ်ပါပေမဲ့ လူမပါနိုင်တဲ့ သူတွေ၊ တော်လှန်ရေး ဇာတ်ခန်းတွေထဲ မဖြစ်လို့ မနေကြတော့သူတွေ၊ ကိုယ့်ဘဝထောင့်ကွေးလေးမှာ ကိုယ်ကြားခို ပျော်နေကြတဲ့ သူတွေ စသဖြင် စသဖြင့် သူ့ဘဝနဲ့ သူအခြေအနေနဲ့ကို အကြောင်းကောင်း ကိုယ့်ဘာသာ ပြပြီး နေနိုင်ရက်သူတွေဟာ တော်လှန်ရေးခရီးက ရှည် တော်လှန်ရေးကာလက ညောင်းလာတာနဲ့ အမျှ ထွက်လာ ရှိလာနေတာ သဘာဝပဲ မို့ အထူးပြောဖို့ ပြစ်တင်ဖို့ မရှိပါ။ ဒါပေမဲ့ မြေပြင်မှာတော့ စိတ်ဓာတ် ခံယူချက် ပြင်းပြစွဲမြဲသူ နွေဦးဇာတ်လိုက်တွေကြောင့် နွေဦးရဲ့ ဇာတ်ရှိန်ဟာ ၂ နှစ်ခွဲ အချိန်တာကို ကျော်ဖြတ်လာတာနဲ့အမျှ တက်နေဆဲဆိုတာ မျက်မှောက် နိုင်ငံရေး စစ်ရေးဖြစ်ထွန်းမှုတွေက သက်သေခံနေပါတယ်။ ဒီလို မဖြစ်မနေ ချီတက်နေတဲ့ နွေဦးဇာတ်လိုက်တွေရဲ့ ထီမထင်တဲ့ အောင်ပွဲခံအပြုံးတွေနဲ့ပဲ ဖြစ်လို့ နေနေတယ် ဆိုတဲ့ မြေပြင်နဲ့ မလှမ်းမကမ်းက ကျွန်တော်တို့တတွေဟာ စိတ်ဓာတ်အင်အား ကူးယူထွန်းညှိနေကြရတယ်။ ဒီနွေဦးဇာတ်လိုက်တွေရဲ့ အထိအရှမှာ ကြေကွဲစိတ်တွေက ပိကျလာခဲ့တယ်။ တကယ်တမ်းတော့ တဦးချင်း ဇာတ်လိုက်တွေအတွက်တင်သာ မက နွေဦးထဲက နွေဦးဇာတ်လိုက်မှန်သမျှရဲ့ ဇာတ်ခန်းမှာ ကျွန်တော်တို့ရဲ့ နှလုံးစိတ်ဝမ်းကို အပ်နှံထားခဲ့ကြရတာ ၂၀၂၁ ဖေဖော်ဝါရီ ရက်ဆိုးများက စလို့ ဒီအကာလ တလျားလုံးလို့ ဆိုရပါမယ်။ တကယ်တမ်းက ဒီနွေဦးရဲ့ အလုံးစုံဇာတ်ခန်းကြီးဟာ ကျွန်တော်တို့ နိုင်ငံရဲ့ ဇာတ်ခန်းကြီးပြ ဖြစ်တာကြောင့် နိုင်ငံသားမှန်သမျှဟာ ပွဲကြည့်လည်းဖြစ် ဇာတ်ကလည်းဖြစ်တဲ့ သူချည်းပါပဲ။ ဟီးရိုးမဟုတ်ရင် ဗီလိန်ပါပဲ။ ရှောင်လို့ မလွတ်နိုင်ပါဘူး ကြားနေ မရှိတန်ကောင်းတဲ့ ဇာတ်လမ်းဖြစ်တာကြောင့် သင်ဟာ ဗီလိန်အဆင့်မဟုတ်ရင် ဗီလိန်ရဲ့ ဒေါက်တိုင်လား၊ အရေးတော်ပုံရဲ့ အသားထဲက ထွက်သွားတဲ့ လောက်ကောင်လား၊ ရန်သူ့ကို သတင်းအချက်အလက်တွေ ကဲ့ထုတ်ပေးနေတဲ့ ဒလန်လား။ ဒီလိုပဲ တဖက်မှာလည်း ဟီးရိုးအဆင့်မဟုတ်ရင် ထောက်ပံ့သူလား ဝန်ရံသူလား လိုလားသူလား စိတ်အင်အားတက်ကြွအောင် ဗုံတီးပေးနေတဲ့ သူလား အရေးတော်ပုံကြီးရဲ့ လားရာ မလွဲရအောင် အလံကို လွှဲရမ်းပြသနေသူလား။ စသဖြင့် စသဖြင့်။ ဆိုခဲ့သလို တဦးချင်းရဲ့ ပုဂ္ဂလိက ဇာတ်လိုက်တွေဟာလည်း နွေဦးရဲ့ ဇာတ်လိုက်တွေဖြစ်ပြီး အဲ့သလို တဦးချင်းရဲ့ ကိုယ်ရေးကိုယ်တာ ဆက်နွှယ်မှုတွေအရ နွေဦးထဲက ဇာတ်လိုက်တွေရဲ့ ပုံပြင်ဇာတ်ခန်းတွေကို ကဗျာဆရာတွေက သူ့စိတ်ခံစားရမှု အရင်းခံပြီး ရေးဖွဲ့တဲ့ ကဗျာတွေကိုလည်း နွေဦးထဲမှာ ဖတ်နိုင်ပါတယ်။ ကဗျာဆရာ မိုးသက်ငြိမ်ဦးက သူ့ရဲ့တကိုယ်ရည်ဇာတ်လိုက်ဖြစ်ပုံရတဲ့ ပြုံးချိုကို အပြုံးတွေချိုနေပြီလား ပြုံးချို ဆိုပြီး မိုးမခ မဂ္ဂဇင်းထဲမှာ ကဗျာတပုဒ်ရေးပါတယ်။ ကဗျာဆိုတာ ထိုးဇာတ်လည်း ဖြစ်နိုင်၊ ဆရာမင်းသုဝဏ်ရဲ့ ဖိုးမောင်လာပြီထဲက ဖိုးမောင်လို ယေဘုယျပြုအပ်ရာ စံပြဇာတ်ဆောင်ရဲ့ ဇာတ်လမ်းလည်း ဖြစ်နိုင်ပေမဲ့ ဒီကဗျာကိုတော့ အသွားနဲ့ လေသံအရ ကဗျာဆရာရဲ့ ပုဂ္ဂလိက ဘဝထဲက တကယ့်ဇာတ်လိုက်လို့ ကဗျာဖတ်ရင်း ကဗျာအောက်ခြေမှတ်စုကို ဖတ်ရင်း သိရပါတယ်။ ဒီလို နွေဦးဇာတ်လိုက်တွေကို ဟိုမှာ သည်မှာ ကျွန်တော်တို့ နွေဦးကဗျာတွေထဲ ဖတ်နေ တွေ့နေရတယ်။ ဖတ်ခဲ့သမျှ နွေဦးဇာတ်လိုက်တွေထဲမှာ သူ့မှာတမ်းကဗျာထဲကလို အားနာခဲ့ကြောင်း ပြောပါလေ ဆိုပြီး တော်လှန်ရေးလမ်းခုလတ်မှာ ထွက်ခွာသွားလေသူများကိုလည်း တွေ့နိုင်မှာ ဖြစ်ပေမဲ့ ဒီနွေဦးဇာတ်လိုက်တွေရဲ့ အောင်ပွဲခံအပြုံးနဲ့ ပြည်တော်ဝင်မယ့်နေ့၊ အဲ့ဒီတနေ့ကို ကျွန်တော်တို့ မလွဲမသွေ စောင့်ကြိုနေကြရမှာပဲ ဖြစ်ပါတယ်။
Embed this episode
No transcript yet.