နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၈၄
from DNA Podcast Hosted by delta news agency
ဗညားမော် နွေဦးထဲမှာ ဇာတ်လမ်းတွေ ရှိရာ ကိုယ့်ဘက်က ဇာတ်လမ်းလည်း ရှိတယ်၊ သူ့ဘက်က ဇာတ်ခန်းလည်း ရှိတယ်။ ကိုယ့်ဘက်က ဇာတ်ဆောင်လည်း ရှိတယ်၊ သူ့ဘက်က ဇာတ်ကောင်လည်း ရှိတယ်။ တကယ်တမ်းက နွေဦးဟာ ဇာတ်အထွတ်ပဲ လို့ ဆိုရမယ်။ သမိုင်းဇာတ်က အကြမ်းဖျင်း ၁၉၆၂ က စတယ်လို့ ယူဆလိုက်ကြပါစို့။ သူ့ဘက်က လူဆိုး ဇာတ်ကောင်တွေရဲ့ စတင်ဖွံ့ဖြိုးရာ အခန်းစဉ်တွေဟာ အဲ့ဒီက စတယ်လို့ ဆိုနိုင်လောက်တယ်။ တကယ့်ဘဝဇာတ်ကတော့ ဇာတ်ခုံပေါ်က ဇာတ်လို ကားလိပ်ချ ကားလိပ်တင်လိုက်ရုံနဲ့တော့ သိသိသာသာကြီး ရုတ်ချည်းပြောင်းပြီး ပြလို့ ရတာမျိုးမဟုတ်တော့ သူ့ဘက်က ဇာတ်ကောင်တွေဟာ ဘီအိုင်အေ ဘီဒီအေက ဆင်းသက်လာတဲ့ မြန်မာ့တပ်မတော် ဖြစ်တဲ့အတွက် အကျင့်ကောင်းတွေ အစဉ်အလာကောင်းတွေ နာမည်ကောင်းတွေက ကျန်ရစ်နေသေးပေမဲ့ စစ်ရေးအင်အားသာ မက နိုင်ငံရေးပါဝါပါ ဆုပ်ဆုပ်ကိုင်ကိုင် ပိုင်သွားတဲ့ စစ်တပ်ဟာ တိုင်းချစ်ပြည်ချစ် စစ်သားတွေအဖြစ်ကနေပြီး အာဏာကို ချစ်တဲ့ စစ်သားတွေအဖြစ် တဖြည်းဖြည်း အသွင်ပြောင်းလဲသွားခဲ့တာဖြစ်တယ်။ သူတို့ဗိုလ်ချုပ်တွေဟာ သူတို့ စစ်သားတွေကို တက္ကသိုလ်ကျောင်းသားတွေရဲ့ အသက်သွေးနဲ့ သားသတ်သမားဇာတ် စပြီး သွင်းပေးလိုက်ကြတာ အားလုံး သိရှိပြီး သမိုင်းဖြစ်ရပ်ပဲ ဖြစ်ပါတယ်။ ၁၉၈၈ မှာ ပြည်သူတွေကိုပါ နိုင်ငံအနှံ့အထိ သတ်ဖြတ်မှုတွေ ဖြစ်ခဲ့ပြီး စစ်တပ်ရဲ့ သားသတ်စိတ်ဟာ အဆင့်တက်သွားခဲ့တာပါပဲ။ တစ်မျိုး ပြောကြည့်ရရင် သူတို့ရဲ့ အုပ်စိုးမှုကို မလိုလားတဲ့ ပြည်သူဆိုရင် ရန်သူလို့ သတ်မှတ်တဲ့ စိတ်အစွဲကို သူတို့ စစ်သားတွေရဲ့ စိတ်ထဲကို သံမှို နှက်ပေးလိုက်တာပါပဲ။ မူလပထမ စစ်အာဏာရှင်ရဲ့ ဉာဏ်နီဉာဏ်နက်နဲ့ ယှဉ်တဲ့ စစ်အာဏာကျင့်သုံးမှုထက် ပိုပြီး ဗြောင်ကျတဲ့ စစ်အာဏာ ကျင့်သုံးမှုဟာ ဒုတိယ စစ်အာဏာခေတ်မှာ ပိုပြီး ပေါ်လွင်လာခဲ့ပါတယ်။ အခြေအနေအရပ်ရပ်အရ ဗြောင်ကျတဲ့ စစ်အာဏာအုပ်စိုးမှုကို ခြေတလှမ်းဆုတ်ဖို့ ကြုံလာတဲ့ အခါမှာ စစ်အာဏာသံခြေကျင်း ခတ်ထားတဲ့ ဖွဲ့စည်းပုံကို အခိုင်အမာပြုပြီး ဒီမိုကရေစီတန်ဖိုးတချို့ကို ဖရိုဖရဲဆင်ယင်ထားတဲ့ လွှတ်တော်နဲ့ စစ်အရိပ်မိုး ဒီမိုကရေစီ အခင်းအကျင်းကို ချပေးလိုက်ရပါတော့တယ်။ အဲ့ဒီကာလမှာ အကောင်းမြင် မျှော်လင့်ချက်တွေနဲ့ နူးညံ့ညင်သာတဲ့ မြန်မာ့နွေဦးလို့ ကျွန်တော်တို့ ပြည်သူတွေ ထင်စားမိခဲ့ကြသေးတာကိုး။ လွှတ်တော်သက်တမ်း နှစ်ကြိမ်အပြီးမှာတော့ အစိုးရဖွဲ့နိုင်လောက်အောင် ပြည်သူ့ထောက်ခံမှု ပြတ်ပြတ်သားသား ရယူနိုင်တဲ့ ပါတီနဲ့ ပြည်သူတွေရဲ့ မြင့်တက်လာတဲ့ နိုင်ငံရေးအသိ ဒီရေမှာ တချိန်ချိန် စစ်တန်းလျားကို လွင့်ပါးသွားတော့မယ့် အရိပ်အခြည်ကို မြင်ပုံရတဲ့ စစ်တပ်နဲ့ စစ်အာဏာအုပ်စုရဲ့ လက်ရှိ မပြီးပြတ်နိုင်တဲ့ အာဏာလု အရေးအခင်းဖြစ်ပေါ်လာခဲ့တာပါပဲ။ အဲ့ဒီမှာမှ ပြည်သူလူထုရဲ့ နွေဦးအရေးတော်ပုံဟာ တန်ပြန်မှုနဲ့ တော်လှန်မှုအတွက် ပေါက်ဖွားလာရတာ ဖြစ်ပါတယ်။ ဒီတကြိမ် နွေဦးကတော့ ပြင်းထန်တယ်။ ဒီတကြိမ်နွေဦးကတော့ အပြီးအပြတ်တိုင် သွားရမှာ ဖြစ်တယ်။ ဒီဇာတ်ထွတ်မှာတော့ အဖြူနဲ့ အမည်းဟာ ပီပီပြင်ပြင် သဲကွဲခဲ့ပါပြီ။ ဒါကြောင့် ကိုယ့်ဘက်က ပြည်သူလူထု အခြေပြုလူကောင်းတွေနဲ့ သူ့ဘက်က အခွင့်အာဏာ အခြေပြု စစ်အာဏာဂိုဏ်းလူဆိုးတွေ ဖက်ပြိုင်ကြရတဲ့ ဇာတ်ခန်းပါပဲ။ ကိုယ့်ဘက်က ဇာတ်လိုက်တွေရဲ့ သူရဲကောင်းအပြုအမူတွေမှာ ကျွန်တော်တို့ဟာ အားတက် အားယူကြရမှာ ဖြစ်ပြီး သူ့ဘက်က ဇာတ်ကောင်တွေရဲ့ မိစ္ဆာဆန်မှုတွေမှာ ကျွန်တော်တို့ရဲ့ အပြီးအပြတ်အနိုင်ယူဖို့ သန္နိဋ္ဌာန်ကို ခိုင်မာစေရမှာ ဖြစ်ပါတယ်။ ကျွန်တော် ရှေ့က ခင်းခဲ့သလို အကြောင်းခြင်းရာတွေနဲ့ ကဗျာဆရာက ချောက်ချောက်သွေ့သွေ့ ပြောမှာ မဟုတ်ပါဘူး။ သူဘက်က ဇာတ်ရဲ့ ရွံရှာမုန်းတီးဖွယ်တွေကို ကွက်ကွက်ကွင်းကွင်းမြင်လာ ခံစားလာရအောင် ခင်းပြမှာ ဖြစ်ပါတယ်။ ဒီကဗျာကို ဖတ်ပြီး ဒီဝိဘစ္ဆဝေဒနာတွေကနေ ကျော်လွန်ဖယ်ရှားဖို့ အာရုံစောနိုင်ကြမှာ ဖြစ်ပါတယ်။ ကဗျာဆရာ နိုင်မွန်အောင်သွင်ဟာ သူ့ကဗျာကို မျောက်ဇာတ်လို့ ခေါင်းစဉ်တပ်ထားပါတယ်။ ဘယ်လို မျောက်တွေများလဲ ကျွန်တော်တို့ ကဗျာကို နားထောင်ကြည့်ကြပါစို့။
Embed this episode
No transcript yet.