နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၈၅
from DNA Podcast Hosted by delta news agency
နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၈၅ ဗညားမော် နွေဦးထဲမှာ ဒုက္ခကို ခါးစည်းခံနေရတဲ့ သူတွေအထဲ စစ်ပြေးပြည်သူတွေက အဆိုးဆုံး ရင်ဆိုင်ရသူတွေပဲ။ စစ်ဘေးရှောင်လို့ ခေါ်လိုက်ရင် တကယ့်ရင်ဆိုင်ရသူတွေရဲ့ ဒုက္ခကို ဖျော့လိုက်သလို ဖော့လိုက်သလို ဖြစ်သွားနိုင်ပြီး ခါးသီးတဲ့ အမှန်တရားကို ရေရောလိုက်တာပဲ ဖြစ်မယ်။ သေပြေးရှင်ပြေး တိုက်ပွဲနဲ့ ဝေးရာကို ပြေးနေရတဲ့ ပြည်သူတွေကို စစ်ပြေးဒုက္ခသည်တွေလို့ပဲ တည့်တည့်ခေါ်မှ အတိမ်အနက်က မှန်တယ်။ စစ်ဘေးက ရှောင်လို့ မရဘူး။ စစ်ဘေးရှောင်စခန်းတွေကိုလည်း လေယာဉ်နဲ့ ဗုံးလိုက်ကြဲ လိုက်ပစ်နေတာဆိုတော့ တိုက်ပွဲမရှိလည်း ရွာတွေဘက် လက်နက်ကြီးနဲ့ လှမ်းထုနေတာဆိုတော့ လွတ်အောင် ပြေး၊ မပြေးနိုင်ရင် မကောင်းသူထိပ် ကောင်းသူထိပ် အသက်ဘေးနဲ့ ကြုံရနိုင်တာကြောင့် လွတ်မယ်ထင်တဲ့ နေရာကို အရပ်သား ပြည်သူတွေဟာ ပြေးပုန်းကြရတာပဲ။ အာဏာလု စစ်ဂိုဏ်းတပ်သားတွေရဲ့ စစ်ကြောင်း ထိုးတယ်ဆိုတာ ရန်သူကို ရှာတိုက်တယ် ဆိုတာထက် ရွာကိုဝင် လုယက်ဖျက်ဆီး မီးရှို့၊ မထင်ရင် မထင်သလို မပြေးနိုင်တဲ့ ရွာသား အရပ်သားကို ပစ်သတ်သွား၊ လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွားတာဖြစ်တဲ့ အတွက် လွတ်မယ် ထင်တဲ့ နေရာကို ပြေးကြ ရှောင်ကြရတာ ဖြစ်တယ်။ ဒါဟာ တိုက်ပွဲဖြစ်ရာ နယ်မြေတွေက ပြည်သူလူထု မလွဲမသွေ ရင်ဆိုင်နေကြရတဲ့ အခြေအနေမှန် ဖြစ်ပါတယ်။ ဒါဟာ နွေဦးတော်လှန်ရေး အရေးတော်ပုံစပြီးတဲ့နောက် ပြည်သူလူထုဟာမလွဲမသွေ လက်နက်ကိုင် ခုခံကာကွယ်ရတဲ့ အဆင့်ကို တက်လာကတည်းက ပဋိပက္ခပြင်းထန်ရာ လူထု ခုခံတိုက်ပွဲ ပြင်းထန်ရာ နယ်မြေဒေသတွေမှာ ကြုံရတဲ့ အခြေအနေတွေပါပဲ။ စစ်ပြေးလမ်းမှာ လက်ပန်းကျ ပျက်စီးရတဲ့ သက်ကြီးရွယ်အိုတွေလည်း ရှိခဲ့၊ ပိုးထိ မြွေကိုက်ခံရတဲ့ သူတွေလည်း ရှိခဲ့၊ မိုးမိလေမိ ဖျားနာရတဲ့ သူတွေလည်း ရှိခဲ့။ ဒီလို ဒုက္ခတွင်းထဲမှာပဲ ဒီနိုင်ငံထဲ ဒီလူ့ဘဝထဲ ချဉ်းနင်းဝင်ရောက်လာတဲ့ မွေးကင်းစတွေလည်း ရှိခဲ့ရပါတယ်။ စစ်ပြေးလမ်းမှာ သေလွန်အဆုံးသတ်မှုတွေရှိသလို မွေးဖွားရှင်သန်ခြင်းတွေကလည်း သဘာဝကျစွာ ရှိခဲ့ရပါတယ်။ စစ်ပြေးလမ်းဟာ ဒီစခန်းမှာ တထောက်နားရပေမဲ့ ဒီတထောက်ကို ကျည်ရောက်လာနိုင်ချေရှိရင် နောက်စခန်းကို နောက်တလှမ်း ထပ်ပြေးရတာ ဆိုတော့ ဒီမွေးကင်းစကလေးတွေဟာလည်း ပုခက်စီးပြီး အိုအိုအေး သားချော့တေးနဲ့ အိပ်ရမယ့်အစား ဆိုင်ကယ်စီးပြီး စစ်ပြေးလမ်းပေါ် ခရီးဆက်ရတာမျိုးပါ။ ဒီလောက် ကိုယ်စိတ်ပင်ပန်းဆင်းရဲကြားက အသက်ပါအောင် မွေးနိုင်ခဲ့ပေမဲ့ ကလေးမိခင်ဟာ သွေးနုနု သားနုနုမှာ ကြုံရတဲ့ ကြီးမား ဆိုးဝါးတဲ့ ကာယိကဒုက္ခ၊ စေတသိက ဒုက္ခတွေနဲ့ ဆိုတော့ ရင်သွေးအတွက် နို့ချိုက ထွက်ချင်မှလည်း ထွက်လိမ့်မယ်။ ဒါကို ကဗျာဖွဲ့သူက “နို့ရည်ဟာ / အမေ့သားမြတ်ဆီက မစီးကျဘဲ/ အမေ့မျက်လုံးဆီက စီးကျနေလို့/ သမီးလေးတို့ နို့မစို့ရဘူး”လို့ ရေးလိုက်တယ်ဆိုရင် ဒါဟာ ဇာတ်နာအောင် ဖွဲ့လိုက်တာ မဟုတ်ဘူး။ နာတဲ့ ဇာတ်ကို မီအေင် ဖွဲ့ရတာပဲ ဖြစ်ပါလိမ့်မယ်။ ကဗျာဆရာ ခန့်ဝါငြိမ်းဟာ စစ်ပြေးလမ်းက ဇာတ်လမ်းတပုဒ်ကို ဒုန်းဒုန်းနဲ့ ဒိုင်းဒိုင်း ဆိုပြီး ကဗျာတပုဒ် ရေးပါတယ်။ ကဗျာ ခေါင်းစဉ်ကို ကြည့်ပြီး သေနတ်သံတွေ ဗုံးသံတွေလို့ မထင်လိုက်ပါနဲ့။ အဲ့ဒီ အသံတွေကို အစွဲပြုပြီး ပေးလိုက်တဲ့ စစ်ပြေးလမ်းမှာ မွေးဖွားလာတဲ့ အမွှာညီအစ်မ နှစ်ယောက်ရဲ့ နာမည်တွေပါတဲ့။ မဒုန်းဒုန်းနဲ့ မဒိုင်းဒိုင်းပါတဲ့။ မိခင်နို့ရည်မထွက်လို့ နို့ဘူး မဝတဝစို့ပြီး မိခင်ရဲ့ ရင်ခွင်ထဲ မျက်စိသူငယ် နားသူငယ်နဲ့ ချို့ချို့ငဲ့ငဲ့ နေရတဲ့ ဒီကလေးငယ်တွေဟာ နိုင်ငံတော်ရဲ့ ရင်ခွင်ဆီကရော ဘာကို မျှော်လင့်နိုင်မလဲ။ ကဗျာကို ကျွန်တော်တို့ နားထောင်လိုက်ကြရအောင်ပါ။ ဒီကဗျာကို မြစ်ကွေ့ လူထုတော်လှန်ရေးစာစဉ်ကနေ ရယူပါတယ်။
Embed this episode
No transcript yet.