နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၈၆
from DNA Podcast Hosted by delta news agency
နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၈၆ ဗညားမော် နွေဦးထဲမှာ အငြင်းပွားစရာတွေဟာ ရှိနေတာပဲ။ ဆွေးနွေးစရာတွေဟာ ရှိနေတာပဲ။ ဆိုပါစို့။ အခြေအနေတရပ်ရဲ့ ခံစားချက် ခံပြင်းချက် တစုံတရာမှာ ကြွေးကြော်သံ တရပ်က လူထုကြားကနေ ထွက်လာခဲ့တယ်။ ကဗျာတပုဒ်ထဲ စာသားအစိတ်အပိုင်းအဖြစ်ပါလာတယ်။ သူက ယူသုံးတယ်။ ကိုယ်က ယူသုံးတယ်။ သွေးကြွေးမှာ ဆွေးနွေးစရာ မရှိ။ ဒီလိုသာဖြင့် ဒါဟာ ဆွေးနွေးခြင်းကို ငြင်းဆိုတဲ့ သဘောအယူလား၊ ဒိုင်ယာလော့ကို သော့ခတ်ပိတ်လိုက်တဲ့ ပိုင်းဖြတ်ချက်လား။ ရရန်ကြွေးရှိသူတွေဟာ ဒီသွေးကြွေးတွေကြောင့် ဘယ်လောက် ဘယ်လို ပူလောင်ခြင်းတွေ နာကြည်းခြင်းတွေကို ပိုက်ခဲ့ရတယ်၊ ပိုက်ခဲ့ရဦးမှာလား ဆိုတာ နားလည်နိုင်သူတွေက ဒီပြင်းထန်မှုကို အသင့်တင့်လက်ခံပြီး အနက်တမျိုးပြန်နိုင်စွမ်းရှိမယ်။ ဒီလိုပဲ ဖက်ဆစ်စစ်တပ် အဖြစ်ဖြတ်ဆိုတဲ့ ကြွေးကြော်သံဟာ အရင် စစ်အစိုးရအဆက်ဆက်က ဆောင်ပုဒ်ဦးတည်ချက်တွေလို ချေမှုန်းကြ ချေမှုန်းကြ ဆိုတာမျိုးလို့ ဆိုနိုင်ပေမဲ့ ဒီဖက်ဆစ်ညဉ် ဖက်ဆစ် အမူအကျင့် ရှိတဲ့ စစ်တပ်မျိုးရှိသရွေ့ တိုင်းပြည်နဲ့ လူမျိုး အမွေးမပြောင် အရောင်မထွက် ဆိုတာကို မျိုးဆက် တဆက်ပြီးတဆက် သင်ခန်းစာ မဆုံးနိုင်အောင် ယူခဲ့ပြီးမှ ဒီစနစ် ဒီအင်စတီကျူးရှင်းကို ပြတ်အောင် မရပ်ဆိုင်းနိုင်ရင် ကျွန်တော်တို့ရဲ့ လူငယ်အညွန့်အဖူးတွေရဲ့ အသက်တွေ ဘဝတွေ ကူကယ်ရာမဲ့ အရပ်သားတွေရဲ့ ဖျက်ဆီးလုယက်သတ်ဖြတ်ခံထားရတာတွေ စသဖြင့် ရင်းထားရတဲ့ အရင်းအနှီးတွေကို အဟောသိကံ အဖြစ်ခံရမှာမျိုး ဖြစ်နိုင်တာပဲ။ ဒါကြောင့် တချို့ ကြွေးကြော်ခြင်းတွေ တချို့ဆောင်ပုဒ်တွေဟာ စကားအရ ပြင်းထန်နိုင်ပေမဲ့လည်း တရားအားဖြင့်တော့ တရားနဲ့ အညီလို့ လက်ခံနိုင်ပါတယ်။ သွေးကြွေးမှာ ဆွေးနွေးစရာ မရှိဆိုတာဟာလည်း စားပွဲဝိုင်းယဉ်ကျေးမှုကို ငြင်းပယ်တာလို့ မကောက်ယူနိုင်၊ အဆုံးစွန် နစ်နာမှု ဆုံးရှုံးမှုတွေအတွက် တရားမျှတခြင်းကို ပြန်လည်ရယူတဲ့အခါမှာ မည်သည့် ခြွင်းချန်မှုမရှိဘဲ အပြေအစင်တောင်းဆိုခြင်းလို့ပဲ ကျွန်တော်ကတော့ မှတ်ယူပါတယ်။ သမိုင်းအဆက်ဆက် တရားခံ အဆက်ဆက်ဟာ ယမမင်းထံမှာပဲ မလွဲမသွေ အစစ်ခံရမှာက သေချာပေမဲ့ အာဏာ အသာစီးယူထားတဲ့ ခေတ်တွေအတွင်း ကျွန်တော်တို့ လူထုပြည်သူတွေရဲ့ တရားမျှတမှုအတွက် ပလပ်ခံခဲ့ရသလို ဖြစ်ခဲ့တာ ယနေ့ထက်တိုင်ပဲ မဟုတ်ပါလား။ ဒါကြောင့် သွေးကြွေးမှာ ဆွေးနွေးစရာ မရှိ ဆိုတာ စကားအရရော စကားနောက်က တရားအရပါ ပြင်းထန်ပေမဲ့ လက်မခံနိုင်တဲ့ မတရားအစွန်းရောက်တာမျိုး မဟုတ်လို့ ကျွန်တော် ယူဆမိပါတယ်။ တကယ်တမ်းကို စနစ်အပြောင်းအလဲဖြစ်စဉ်မှာ အာဏာနဲ့ ဖိနှိပ်ရက်စက်မှုကို အလူးအလဲ ခုခံကာကွယ်နေရသူတွေအတွက်ရော တောင်လဲရာ မြက်ပြတ် ခံစားရတဲ့ အပြစ်မဲ့ အရပ်သား ပြည်သူတွေအတွက်ပါ သွေးကြွေးတွေကို နွေဦးအလွန်မှာ အပြေအစင်တောင်းယူနိုင်ကြရပါလိမ့်မယ်။ စစ်ဂိုဏ်းအုပ်စုရဲ့ သွေးရူးသွေးတမ်း အကြံအစည်တွေနဲ့ အကွက်ရွှေ့သတင်းတွေထုတ်လွှင့် သူတို့ရဲ့ကောက်ကျစ်တဲ့ ပြန်ပေးသေနင်္ဂဗျူဟာနဲ့ အဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံ အပါအဝင် နိုင်ငံခေါင်းဆောင်တွေကို ထုတ်သုံးဖို့ အဆင်တွေပြလာတဲ့ အချိန်မှာ သွေးကြွေးကို ဆွေးနွေးသွားကြလိမ့်မယ်လို့ ရိုးရိုးတန်းတန်းပူပင်မှုတွေနဲ့ ဆန်းဆန်းကောက်ကောက် ကောက်ချက်ချမှုတွေက ထွက်ပေါ်လာခဲ့ပါတယ်။ ကျွန်ုပ်တို့ရဲ့ ကဗျာဆရာတဦးကလည်း နွေဦးထဲက ကဗျာတပုဒ် သွေးကြွေးနှင့် ဆွေးနွေးခြင်း ဆိုပြီး ရေးခဲ့ပါတယ်။ မလွတ်မြောက်ရာ မိစ္ဆာစက်ကွင်းမလွတ်တဲ့ နေရာမှာ နေထိုင်းရင်း ကဗျာရေးပို့စ်တင်တဲ့ ကဗျာဆရာတွေဟာ အထိမခံတဲ့ အကြောင်းအရာတချို့ကို ရေးခဲ့ရင် ပွင့်ပွင့်ပြင်းပြင်းလည်း မရေးသာ တချို့အချိန်တွေမှာလည်း ချိန်ဆတုန့်ဆိုင်းရတတ်တာ ရှီတာမျိုးလည်း ဖြစ်တတ်တာကြောင့်လို့ ယူဆရပါတယ်။ သူက ဒီကဗျာကို သူ့အကောင့်ကနေ ပြန်ဖြုတ်ချသွားတာကို တွေ့မိလိုက်တဲ့အခါ ဒီအချိန်အခါမှာ ဒီကဗျာပါ အကြောင်းအရာမျိုး ဆက်စပ်သင့်လျော်နေတာမို့ ကဗျာရေးသူ အမည်ကို မဖော်ပြဘဲ ကဗျာကို တင်ဆက်လိုက်ပါတယ်။ သွေးကြွေးမှာ ဆွေးနွေးစရာ ရှိမရှိ စဉ်းစားဆုံးဖြတ်နိုင်ကြပါစေကြောင်း။
Embed this episode
No transcript yet.