နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၈၉
from DNA Podcast Hosted by delta news agency
နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၈၉ ဗညားမော် နွေဦးထဲမှာ ကျဆုံးသူတွေ ရှိနိုင်တယ်။ နွေဦးထဲမှာ ကျရှုံးသူတွေ ရှိနိုင်တယ်။ အသက်ထိ နှင်းပြီး ဖက်ပြိုင်တိုက်ခိုက်ရတဲ့ တော်လှန်ရေး အရေးတော်ပုံကြီးဖြစ်တဲ့အတွက် ကျဆုံးသူ ရှိနိုင်တာပေါ့။ ပြည်သူလူထုများစွာရဲ့ အရေးတော်ပုံကြီးဖြစ်တဲ့အတွက် ယုံကြည်ချက်မစွဲမြဲသူ ရပ်တည်ချက်မခိုင်မာသူ အခက်အခဲအကျပ်အတည်းမှာ ကြံ့ကြံ့ခံမရပ်တည်နိုင်သူတွေ ပါဝင်နိုင်တာကြောင့် ဒီနွေဦးလမ်းကြောင်းပေါ် ချီတက်တဲ့ လူထုကြီးထဲမှာတော့ ဝင်ရောက် ချိတ်ဆက်ခဲ့ပါရဲ့ လမ်းခုလတ်မှာ အရှုံးပေးသွားသူတွေ ရှိနိုင်တာပေါ့။ ကျဆုံးသူတွေက တော်လှန်ရေးထဲ ကိုယ်တိုင်ကိုယ်ကျ တိုက်ရိုက်ပါဝင်နေတဲ့သူတွေအထဲက ဖြစ်နိုင်ပြီး ကျရှုံးသူတွေကတော့ တော်လှန်ရေးထဲ တိုက်ရိုက်မပါဝင်နိုင်တဲ့ ထောက်ခံသူ ထောက်ပံ့သူ ကူညီအားပေးသူ ဝန်းရံသူတွေထဲကပဲ ဖြစ်နိုင်တယ်။ ဒီပြည်သူတွေဟာ တိုက်ရိုက်မပါဝင်နိုင်တဲ့ သူတွေ ဖြစ်ပေမဲ့ ကျယ်ပြန့်တာရှည်တဲ့ အရေးတော်ပုံကြီးထဲမှာ သူတို့ရဲ့ပါဝင်မှုဟာ အရေးမပါတာ မဟုတ်ဘူး။ မြေပြင်တော်လှန်ရေးရဲ့ အခြေအမြစ် အရင်းအမြစ် တည်ရှိရာဖြစ်တဲ့အတွက် ဒီပြည်သူများရာစုထဲက ပဲ့ထွက်ကျရှုံးမှုတွေ ရှိခဲ့ရင် မြေပြင်တိုက်ပွဲမှာ တိုက်ပွဲဝင်သူ ကျဆုံးတာမျိုး တော်လှန်ရေးအတွက် အနုတ်လက္ခဏာ သဘောပဲ ဖြစ်တယ်။ ဒါပေမဲ့ စိတ်ဓာတ်အရရော တာဝန်အရရော ပေါ့လျော့နိုင်တဲ့ နေရာမှာ ရှိနေတဲ့ ဒီပြည်သူတွေထဲက ကျရှုံးသူတွေ ရှိနိုင်တာပေါ့။ ဥပမာ ဆိုပါစို့၊ နွေဦးအရေးတော်ပုံရဲ့ ဒီရေဦးမှာ ပြည်သူလူထု သန်းနဲ့ချီပြီး လမ်းမတွေပေါ်ထွက်ခဲ့ကြတယ်။ ထင်ရှားတဲ့ ဖျော်ဖြေရေးအနုပညာသည်တွေ အင်နဲ့အားနဲ့ ပါဝင်ကြ နွေဦးအရေးတော်ပုံရဲ့ ဒီမှာဘက်မှာ လက်သီးဆုပ် ရပ်ပြခဲ့ကြပေမဲ့ နောက်ပိုင်းမှာ အများစုဟာ စစ်ဂိုဏ်းအုပ်စုရဲ့ ဖိအားဒဏ်ကို မခံနိုင်တာရယ်၊ မူလ သူတို့ရဲ့ အသုံးတော်ခံ ဘဝပုံစံ ခေါက်ရိုးကျိုးနေတာတွေကြောင့် လက်သီးဆုပ်တွေ ပြေပြီး စစ်ဂိုဏ်းအုပ်စုကို လက်ကမ်းနှုတ်ဆက်ခဲ့ကြတယ်။ ပုဂ္ဂိုလ်တဦးချင်းရဲ့ ခံနိုင်ရည်အင်အားအပေါ် အပြစ်တင်ဝေဖန်တာမျိုးမလုပ်ကောင်းပေမဲ့ တချို့တွေရဲ့ ကျရှုံးမှုတွေက ပီပြင်လွန်းလှတာကို သတိထားနိုင်ပါလိမ့်မယ်။ ဒါက လူထုကြားက ထင်ရှားတဲ့အလွှာကို သာဓကပြု ထုတ်ပြလိုက်ရတာ ဖြစ်ပေမဲ့ အဲ့ဒီလို နွေဦးအရေးတော်ပုံအတွက်လည်း အနုတ်သဘောဖြစ် တဦးချင်း ပုဂ္ဂိုလ်ရေးမှာလည်း ကျရှုံးတဲ့ သူတွေကို နွေဦးကဗျာဆရာက အမြင်မတော် ဖြစ်လာတော့ ခပ်တင်းတင်း (ခပ်ကင်းကင်း/ ခပ်ရှင်းရှင်း) ဆိုတဲ့ ကဗျာတပုဒ်ကို ရေးလိုက်ပါတော့တယ်။ အထူးသဖြင့် မစွမ်းရင်း ရှိတဲ့ သူတွေကိုထက် ကန်စွန်းခင်းထက် လိုလိုလားလားသွားရောက်ပြီး အငြိခံတဲ့သူတွေကို ရည်ရွယ်ဟန်တူပါတယ်။ လွတ်မြောက်ရာ ဒေသမှာ ရောက်ရှိနေထိုင်သူမဟုတ်ဘဲ နွေဦးကဗျာတွေကို ထက်သန်စွာ အလျင်မပြတ် ရေးနေတဲ့ ရေးနိုင်တဲ့ အလွန်နည်းပါးတဲ့ ကဗျာဆရာတွေထဲက တဦးဖြစ်တဲ့အတွက် သူ့ကို ချီးကျူးအမှတ်ပြုဖွယ်လို့ ဆိုရင် မလွန်လောက်ပါဘူး။ စစ်ဂိုဏ်အုပ်စုရဲ့ လက်တံအောက်မှာ နေထိုင်ရပေမဲ့ ခပ်ရှင်းရှင်း ခပ်ကင်းကင်း နေထိုင်လို့ ရနိုင်တဲ့ သူတွေကို အထူးရည်ရွယ်ပုံရပါတယ်။ သူတို့တွေဟာ ဒီလောက် ရှင်းလင်းနေတဲ့ ဓမ္မဘက် အဓမ္မဘက်ကိုလည်း ခွဲခြား မြင်နိုင်သူတွေ ဖြစ်တယ်။ စစ်ဂိုဏ်းရဲ့ မိစ္ဆာလက်တံမီကမ်းရာမှာ နေထိုင်ရပေမဲ့ ဝမ်းစာအရရော ပညာနဲ့ နေရာအရရော ကင်းကင်းနေမယ်ဆိုရင် နေနိုင်သူတွေ ဖြစ်တယ်။ ဒါပေမဲ့ အရှက်ကိုပေးပြီး အကျရှုံးခံသွားကြတာ နယ်ပယ်တိုင်းမှာ ကြည့်ရင် တွေ့နိုင်ပါတယ်။ မူလကတည်းက စစ်ဂိုဏ်းအုပ်စုရဲ့ ထောက်တိုင်၊ လောက်ကောင်နဲ့ ဒလန်အုပ်စုထဲမှာ ဒီ ကျရှုံးသူတွေက အဓမ္မဘက်ဆီ ပြောင်းရပ်သူတွေအဖြစ် အရေအတွက် ဝင်သွားမှာပါပဲ။ ကဗျာဆရာ ညီမင်းညိုက တိုက်ရိုက်ကျတဲ့ စကားလုံးတွေနဲ့ ဖွဲ့စည်းမှုကို သုံးပြီး သူ့ရဲ့ ခပ်တင်းတင်း ကဗျာနဲ့ ခပ်ပြင်းပြင်း ရိုက်ခတ်လိုက်ပါတယ်။ အသုံးများတဲ့ စကားတခွန်းလိုပဲ အနာရှိရင် စပ်ကြဖို့ ရည်ရွယ်ဟန် တူပါတယ်။
Embed this episode
No transcript yet.