နွေဦးထဲက ကဗျာ၊ ကဗျာထဲက နွေဦး ၉၀
from DNA Podcast Hosted by delta news agency
နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၉၀ ဗညားမော် နွေဦးထဲမှာ ကျွန်တော်တို့ဟာ ချစ်ခြင်းမေတ္တာနဲ့ မျက်နှာပျက်စရာတွေ ဖြစ်ကုန်ကြသတဲ့လား။ စစ်ပွဲဖြစ်ပွားကြတဲ့အခါ လို့ ပြောရတာထက် နွေဦးဟာ ပိုလေးနက်ပါတယ်။ နိုင်ငံတနိုင်ငံရဲ့ ခန္ဓာအိမ်ကို ကင်ဆာလို မလိုအပ်တဲ့ ဆဲလ်တွေ မတရားပွားလာနေပြီး ဒုက္ခပေးနေတာကို အမြစ်မကျန်အောင် ဖြတ်တောက် ဖယ်ရှားနေရတာ ဖြစ်တဲ့အတွက် အကြမ်းပတမ်းတွေပါတယ်၊ သွေးရဲရဲ သံရဲရဲတွေ ရှိမယ်။ အာဏာရှင်ဝါဒအောက် နှစ်ပေါင်းများစွာ အသားကျသလို ငုံ့ခံနေရတဲ့ ပြည်သူလူထုတွေရဲ့ တော်လှန်ရေးလုပ်ငန်းတွေက လက်တွေ့လုပ်ဟန်တွေမှာ အာဏာပိုင်ဓလေ့တွေလည်း တွေ့တန်ကောင်း တွေ့တန်နိုင်မှာပဲ။ လက်နက်ချင်း ယှဉ်ပြီး သူသေကိုယ်သေ ဖက်ပြိုင်ရတဲ့ စစ်ပွဲမှာ သူတော်ကောင်းစိတ်နဲ့ တိုက်ခိုက်ကြတယ် ဆိုရင်တော့ ဒါကြောင်သူတော်စကားမျိုး ဖြစ်မှာပဲ။ အရိုးထိအောင် နာကြည်းမှုနဲ့ အမုန်းတရားနဲ့ တိုက်ခိုက်ကြတာမျိုး နွေဦးတော်လှန်ရေး ဘက်တော်သားတွေမှာ ရှိခဲ့မယ်ဆိုရင်တောင် တကိုယ်ရည် အတွေ့အကြုံနဲ့ ခံစားချက်တွေအရ ရှိနိုင်မယ်၊ အလွန်တော့ ရာခိုင်နှုန်း နည်းမယ်လို့ ဆိုချင်ပါတယ်။ နေရာအနှံ့က ကိုယ့်အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့ ထိပြီးလက်နက်ကိုင်ရတဲ့ အင်အားစုတချို့တလေ သွေးနတ်ဝင်သွားတဲ့ တချို့တလေမှာ အမုန်းတရားနဲ့ လက်နက်အားကိုး အမူအကျင့်၊ လုပ်ရပ်၊ အဖြစ်အပျက်တွေ လုံးဝ ကင်းစင်တယ်လို့ မဆိုနိုင်ပေမဲ့ မများသော နမူနာနဲ့ သာဓကတွေသာ ရှိလိမ့်မယ်လို့ ယူဆအပ်ပါတယ်။ ကျွန်တော်တို့တတွေဟာ စစ်ဂိုဏ်းအုပ်စုနဲ့ စစ်အာဏာရှင်စနစ်နဲ့ ဝါဒကို တော်လှန်ဖယ်ရှားနေတဲ့ မြင့်မြတ်တဲ့ အရေးတော်ပုံအောက်က နွေဦးတပ်သားတွေ ဖြစ်တဲ့အတွက် အမုန်းတရား၊ လက်စားချေမှုတွေနဲ့ ဖြတ်သန်းနေကြတာ မဟုတ်လို့ ဆိုနိုင်ပါတယ်။ လက်တွေ့အဖြစ်မှာလည်း လက်နက်ကိုင် တော်လှန်ရေးကို ကိုင်စွဲလိုက်ရပေမဲ့ အမျိုးသားညီညွတ်ရေးအစိုးရဆိုပြီး ထိုက်တန်တဲ့အစိုးရတရပ်ရဲ့ အသွင်ကို ဆောင်ပြီး ကမ္ဘာ့မိသားစုရဲ့ သံတမန်ရေး လူရာဝင်မှုကိုလည်း ရယူကြိုးစားနေတဲ့ အစိုးရအဖွဲ့ရဲ့ အောက်နဲ့ မဟာမိတ်ပြုထားတဲ့ တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေမှာ တတ်နိုင်သမျှ နိုင်ငံတကာ လက်ခံထားတဲ့ စစ်ဖက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကနေ မသွေသွားရအောင် ဂရုစိုက်တိုက်ခိုက်ကြတာကို မြင်နေရပါတယ်။ တဖက်က စစ်ဂိုဏ်းအုပ်စုရဲ့ တိုက်ခိုက် သတ်ဖြတ်လုယက်ပြီး တရားမဲ့ လုပ်ချင်သလို မိစ္ဆာဆန်တဲ့ လုပ်ရပ်တွေသာ အများအပြားတွေ့မြင်နေရပြီး ဒီဘက် နွေဦးအင်အားစုတွေရဲ့ တုန့်ပြန်တိုက်ခိုက်မှုတွေဟာ တဖက် ရန်သူတွေပေါ်မှာရော ကြားခံ ပြည်သူတွေအပေါ်မှာပါ အလွန်အကျွံနဲ့ ရက်စက်မှုတွေကို မကြားရပါဘူး။ သာဓကတရပ်အနေနဲ့ ဆိုရင် နွေဦးတော်လှန်ရေး အင်အားစုတွေဘက်မှာ ရန်သူကို မိတဲ့ သုံ့ပန်းတွေ၊ စစ်သုံ့ပန်းရဲ့ အခွင့်အရေးရခဲ့တဲ့ သူတွေသာ ရှိခဲ့ပြီး တဖက် စစ်ဂိုဏ်းအုပ်စုရဲ့ စစ်တပ်က မိတဲ့ ကျွန်တော်တို့ တော်လှန်ရေးတပ်သားတွေဟာတော့ ခေါင်းဖြတ်သတ်ခံရတာနဲ့ မသေမရှင် မီးပုံထဲ ပစ်ထည့်ခံရတာတွေ ဆိုတဲ့ သတင်းဖြစ်ရပ်တွေနဲ့ အထောက်အထားတွေဟာ မနည်းလှပါဘူး။ ဒါပေမဲ့ လူသားများဖြစ်တဲ့အတွက် ကျွန်တော်တို့ဟာ ဒေါသလောဘ ကင်းပြီး စစ်တိုက်နေတာတော့ ဘယ်ဟုတ်ပါ့မလဲ။ လက်တွေ့မြေပြင်တိုက်ပွဲတွေထိ မပါဝင်နိုင်တဲ့ လူထုပြည်သူတွေတောင်မှ ကိုယ့်ဖက်က တပ်သားတွေ ပြည်သူတွေ ကျဆုံးထိခိုက်တာကို ဝမ်းပန်းတနည်းဖြစ်ပြီး ရန်သူအင်အားပြုန်းတီးမှုတွေအပေါ် အားရဝမ်းသား ဖြစ်မိတာဟာ ဖုံးကွယ် ဟန်ဆောင်စရာ မဟုတ်ခဲ့ပါဘူး။ မုန့်ဟင်းခါးတို့ မြေဩဇာတို့ ဆိုတဲ့ ဗန်းစကားတွေဟာ အနက်သစ်ကို ဆောင်လာပြီး ပြည်သူတွေရဲ့ စိတ်ကို ပြနေကြတာပဲ မဟုတ်လား။ ဘုရားကို သောက်တော်ရေချမ်းလောက်ပဲ ကပ်နိုင်ပေမဲ့ ဒုက္ခတွေကြားမှာ ဘုရားတမိကြ တိုင်တည်မိကြတယ်။ ဘုရားရဲ့ အဆုံးအမဖြစ်တဲ့ မေတ္တာစိတ်တွေတော့ ပါးလျားသွားခဲ့ကြသလား။ ဒါပေမဲ့ တရားမျှတခြင်းကို ရအောင် တပည့်တော်တို့မှာ ရင်းခဲ့ကြရတာတွေ များလှပါတယ် အရှင်ဘုရား။ ဘယ်လောက်တောင် ကြာဦးမှာပါလဲ ဘုရား လို့ ကဗျာဆရာ ရှင်ရဲထွဋ်က သူ့ရဲ့ ကဗျာထဲမှာ ဖွင့်ဟ လျှောက်ထားလိုက်ပါတယ်။ စကျင်ရုပ်ပွားကြီးကို ကြီးမားစွာ တည်ထားတဲ့ စိတ်ဂိုဏ်းအုပ်စုဟာ မြတ်ဗုဒ္ဓရဲ့ အဆုံးအမသာသနာကိုကျ ရေတိုက်စားသလို တိုက်စားနေခဲ့တာ။ ကဗျာဆရာ ရှင်ရဲထွဋ်က အသူရကယ်မှာ သုံးနှစ်သုံးမိုး ဆိုပြီး နူးညံ့စွာ မြတ်ဗုဒ္ဓကို ရှိခိုးတိုင်တည်စရာတွေ ရှိနေခဲ့ပါတယ်။
Embed this episode
No transcript yet.