နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၉၂
from DNA Podcast Hosted by delta news agency
နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၉၂ ဗညားမော် နွေဦးထဲမှာ ထောင့်တိုင်းဟာ အသံထွက်တယ်။ ဘာသံလဲလို့ မေးရင် သိပ်မကြာခင်က ယူကရိန်းကဗျာဆရာမတဦးရဲ့ စကားတွေကို ကျွန်တော် အပ်အပ်စပ်စပ် ပြန်ပြောပြချင်တယ်။ ပြီးခဲ့တဲ့ ဇွန်လထဲက ဘာလင်ကဗျာပွဲတော်မှာ ယူကရိန်း ကဗျာဆရာမ ဟဲလင်နာ ခရုခ် (Halyna Kruk)ရဲ့ စစ်ပွဲဆိုတာ ဥပစာတင်စားချက် မဟုတ် ဆိုတဲ့ မိန့်ခွန်းထဲကပါ။ ယူကရိန်းဆိုတာ သိကြတဲ့အတိုင်း ကျွန်တော်တို့ နွေဦးတော်လှန်ရေးအရေးတော်ပုံစခဲ့ရတဲ့ ၂၀၂၁ ရဲ့ နောက်တနှစ် ဖေဖော်ဝါရီလထဲမှာပဲ ရုရှားရဲ့ ကျူးကျော်စစ်ကို တွန်းလှန်နေရတဲ့ နိုင်ငံ ဖြစ်ပါတယ်။ လက်နက်ကြောင့်၊ အင်အားသုံးအကြမ်းဖက်မှုကြောင့်၊ ပဋိပက္ခကြောင့်၊ စစ်ပွဲကြောင့် အရပ်သားပြည်သူတွေ သေကြေနေကြရတဲ့ ကမ္ဘာမြေပေါ်က အနာစိမ်းပေါက်သလို ပြည်တည် နီရဲ စူထွက်နေတဲ့ တဒါဇင်လောက်ရှိတဲ့ ဒေသမြေပြင်တွေက ကျွန်တော်တို့နဲ့ အဖြစ်ကွဲတောင် အတွေ့အကြုံဆိုးကတူနေကြတဲ့ နိုင်ငံတခုပါပဲ။ ဟဲလင်နာက ဒီလိုပြောခဲ့တာပါ။ “ဒီပြည်သူတွေဟာ စစ်ပွဲထဲမှာ သေဖို့ မွေးဖွားလာခဲ့တာမဟုတ်။ စစ်ပွဲထဲမှာ သေဖို့ သူတို့ တက္ကသိုလ်ဘွဲ့တခု ရခဲ့တာမဟုတ်၊ သို့မဟုတ် စိတ်ဝင်စားစရာ အလုပ်တခုမှာ လုပ်ကိုင်နေခဲ့တာ မဟုတ်။ စစ်ပွဲထဲမှာ သေဖို့ သူတို့ရဲ့ ပါရမီတွေ ကျွမ်းကျင်မှုတွေကို သွေးခဲ့တာမဟုတ်။ ဒီပြည်သူတွေရဲ့ သေခြင်းဟာ ကျွန်မတို့ရဲ့ စိတ်ဝိညာဉ်ထဲမှာ၊ ကျွန်မတို့ရဲ့ ယဉ်ကျေးမှု၊ သိပ္ပံပညာ၊ စီးပွားရေး၊ စက်မှုလုပ်ငန်းနဲ့ လူ့အဖွဲအစည်းမှာ ဟပြဲနေတဲ့ ဒဏ်ရာကြီးတခုကို ချန်ထားလိမ့်မယ်။ ဒါက ဥပစာတင်စားချက်မဟုတ်ပါ။”တဲ့။ ထောင့်တိုင်းက ထွက်လာတဲ့ အသံတွေမှာ ကဗျာဆရာတွေရဲ့ အသံဟာ လူ့အသိ ခံစားချက် ရှီတဲ့ လူတိုင်းရဲ့ နှလုံးသားကို လာမှန်ပါတယ်။ ဟဲလင်နာ ပြောခဲ့တဲ့ အထဲကလိုပဲ “စစ်ပွဲက အရာရာကို ရှင်းလင်းကြည်လင်လှအောင် လုပ်ပေးလိုက်တာကြောင့် ကဗျာအတွက် အခန်းကဏ္ဍ မရှိ။ ကဗျာက သက်သေထွက်ဆိုချက်တွေအတွက်မျှသာပါပဲ။” မှန်ပါတယ်။ စစ်ရဲ့ မကောင်းဆိုရွားမှုမှန်သမျှကို ဖန်သားကို ဖောက်ထွင်းပြီး မြင်ရသလို ကျွန်တော်တို့ မြင်နေရပြီပဲ။ ကဗျာဆရာတွေက သက်သေထွက်ဆိုချက်တွေကို ကဗျာတွေကနေ ပေးနေကြပါတယ်။ အဲ့ဒီထဲမှာမှ တချို့ ကဗျာဆရာတွေဟာ စစ်မြေပြင်ဆီ တိုက်ပွဲတွေဆီကနေ တိုက်ရိုက်သက်သေထွက်ဆိုချက်တွေကို လှမ်းပေးနေကြတယ်။ တော်လှန်ရေးအတွက် ကဗျာတွေက လိုအပ်နိုင် အသုံးတည့်နိုင်ပေမဲ့ လက်နက်ကိုင် တော်လှန်ရေးအတွက် ဆိုရင် စစ်သားတွေကို လက်တွေ့အားဖြင့် လိုအပ်တာ ငြင်းမရတဲ့ အမှန်တရားဖြစ်တဲ့အတွက် လူငယ်ကဗျာဆရာလေးတွေအထဲကလည်း သေနတ်ကိုင်ဖို့ တိုက်ပွဲနယ်မြေတွေကို ထွက်သွားကြရပါတယ်။ ကဗျာဆရာ ဆိုတော့ သေနတ်မပစ်ရတဲ့ အချိန်မှာ သူ့ကလောင်ကို ကိုင်ချင်ကိုင်မှာပဲ။ အရေးတော်ပုံရဲ့ မြေပြင်ထိ ရောက်နေတဲ့ ကဗျာဆရာဟာ စစ်မြေပြင် သတင်းထောက်မဟုတ်တဲ့ အတွက် သူ့ဆီက သတင်းဖြစ်ရပ် အစီရင်ခံချက်တွေ ပြန်ပို့မှာ မဟုတ်ပေမဲ့ နှလုံးသားရဲ့ အစီရင်ခံချက်တွေ ထွက်လာနိုင်တယ်။ တချို့ဖြစ်ရပ်တွေဟာ သူ့အတွက် ကြေကွဲစရာတွေနဲ့ ဘဝင်မကျနိုင်စရာတွေ ဖြစ်နိုင်တော့ “နေ့တိုင်း ငိုနေတဲ့ရီအက်ရှင်တွေပေးရတာ ငါဝမ်းနည်းတယ်” ဆိုပြီး သူ့ကဗျာပါဒက စတင်နိုင်တယ်။ တောထဲကို ရောက်နေရပေမဲ့ ဒီမြို့ကို ဒီအတိုင်း စိတ်လျှော့လိုက်လို့ မရတာ သူ သေချာတာပေါ့။ လူငယ်လေးဖြစ်တဲ့အတွက် သူက သိပ်ယဉ်ကျေးမနေနိုင်တော့ဘူး။ “အဲ့ဒီ့မြို့က ကြီးပေါတွေက စောက်ရေးမပါပေမဲ့ / ကလေးလေးတွေက သေလို့ မရဘူး”လို့ တိုက်ရိုက်ပြောချလိမ့်မယ်။ အနာဂတ်တွေ သေလို့မရဘူးလို့ ကဗျာဖတ်သူက ပြန်ဆိုချင် ပြန်ဆိုလို့ရ ကောက်ယူလို့ ရနိုင်တာပဲ။ သူ့ကဗျာထဲမှာ “ငါ့ကောင်ကြီးတွေက ဘီယာအေးအေးလေးနဲ့ L key နဲ့” ဆိုပြီး ကျန်နေသူတချို့ကို လှမ်းယိလိုက်တာလည်း တွေ့နိုင်တယ်။ အနာမရှိရင် ခင်ဗျားတို့ မစပ်ဘဲ နေနိုင်ပါတယ်။ ဂျန်ဇီးနဲ့ ဂျန်လီး ဆိုတာ မျိုးဆက် ကွာဟပုံကိုချည်း ပြောတယ်လို့ ကျွန်တော်တော့ မခံစားရဘူး။ အသက်အရွယ် မျိုးဆက်ဆိုတာက အကြမ်းဖျင်း ပြောတာ။ တကယ့်အနှစ်သာရကတော့ တစ်ယောက်ချင်းစီရဲ့ စိတ်အထိုင်နဲ့ လက်တွေ့ လုပ်ကိုင်ပါဝင်မှုက စကားပြောသွားတာလို့ ထင်ပါတယ်။ ကဗျာဦးမှာ ကျွန်တော် စကားဦးသန်းသွားတာတွေ နည်းနည်း များသွားပြီ။ ကျွန်တော်တို့ ကဗျာဆရာ အောင်ဖြိုးဝေရဲ့ လမ်းငါး ဆိုတဲ့ ကဗျာဆီကို တိုက်ရိုက် သွားတွေ့ကြရအောင်ပါ ခင်ဗျား။
Embed this episode
No transcript yet.