နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၉၃
from DNA Podcast Hosted by delta news agency
နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၉၃ ဗညားမော် နွေဦးဆိုတာ အတည်တမ်း ခေါင်းစဉ်တခု။ သူ့ထက် အတည်တမ်း လေးနက်တာတောင် ဘယ်ရှိပါ့မလဲ။ ပြည်သူလူထုတွေရဲ့ အသက်တွေ ဘဝတွေနဲ့ ချိန်စက်ထားရတာ၊ နိုင်ငံရဲ့ အနာဂတ်ကို လောင်းကြေးထပ်သလို ချိန်စက် ရုန်းကန်ကြရတာ။ ဒါကြောင့် နွေဦးထဲက ကဗျာတွေဟာ အများစုဟာ အတည်တမ်းတွေ၊ အလေးအနက်တွေ၊ ကြေကွဲမှုတွေ၊ အနိဋ္ဌာရုံတွေ၊ မျှော်လင့်ချက်တွေ၊ ခွန်အားဖြည့် တေးချင်းတွေ၊ စစ်ချီဗုံနှက်သံတွေ။ ကဗျာဆရာတွေက ရွဲ့တဲ့တဲ့ ဆိုလိုက်ရင်တောင် အင်အားပါတဲ့ ရွံရှာမှုတွေနဲ့။ ဆိုရရင် အရွှန်းမဖောက်နိုင်တဲ့ ကာလတွေနဲ့ အဲ့ဒီကာလထဲက ထွက်လာတဲ့ လေးနက်ခြင်း ကဗျာတွေပါပဲ။ ဆိုတော့ တော်လှန်ရေးမှာ ဟာသအတွက် နေရာမရှိဘူးလား။ ပျော်ရွှင်မှုတွေကို ပြောင်အောင် ရိတ်သင်ထားလိုက်ရမှာလား။ ကြည်နူးဖွယ်တွေ စိုက်ပျိုးဖို့ ပန်းအိုးလေး တလုံးတောင် မရှိတာမျိုးလား။ မဟုတ်ပါ မဟုတ်ပါ လူသားတွေရဲ့ အရေးအခင်းမှန်သမျှမှာ ငိုကြွေးခြင်း ရှိသလို ရယ်မောခြင်းလည်း ရှိရမှာပါ။ တော်လှန်ရေး ရဲဘော်တွေရဲ့ အကတွေ အတီးအဆိုတွေ ယိမ်းတွေ သူတို့တဲနန်းလေးတွေရှေ့က သင်ပုန်းနက်နက်ပေါ်က မြေဖြူနဲ့ ရေးထားတဲ့ ကဗျာ အပိုင်းအစတွေ ကျွန်တော်တို့ မြင်ရတဲ့အခါ စိတ်ထဲမှာ ဘဝင်ကျခြင်း နှစ်မျိုး ဝင်လာတယ်။ ပထမတမျိုးက သူတို့ရဲ့ ကြမ်းတမ်းခက်မာတဲ့ ဘဝတွေထဲမှာ နူးညံ့တဲ့ ကာလအစိတ်အပိုင်းတွေ တိုတိုလေးပဲ ဖြစ်ဖြစ် ဖူးပွင့်ခွင့်ရှိနေတာကို ဝမ်းမြောက် မုဒိတာ။ ဒါပေမဲ့ အဲ့ဒီဝမ်းသာမှုမှာ မျက်ရည်စတွေဖယ်ပစ်မရတာ ဝန်ခံပါတယ်။ ဒုတိယတမျိုးက သွေးနဲ့ သေခြင်းနဲ့ သတ်ဖြတ်ခြင်းနဲ့ ရက်စက်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ကျွန်တော်တို့ရဲ့ လူငယ်အညွန့်အဖူးတွေရဲ့ နှလုံးသားမှာ မုန်းတီးခြင်း ခက်ကြမ်းခြင်းတွေ အချိန်နဲ့ အမျှ ဖုံးလွှမ်းနေတာမဟုတ်ဘဲ ပေါ့ပါးချိုသာတဲ့ အားလပ်ချိန် အနားရချိန်တွေ ရှိနိုင်သေးလို့ သူတို့ရဲ့ နှလုံးသားထဲ သွေးနတ်ပူးဝင်ခြင်းကနေ အတိုင်းအတာတရပ်အထိ ရှောင်ရှားကင်းကွာနိုင်တဲ့ အခြေအနေကို မြင်ရလို့ ဖြစ်တယ်။ သက်ပြင်းချမိတယ်၊ အဲ့ဒီသက်ပြင်းထဲမှာ ယုံကြည်စိတ်ချခြင်းတွေ ပါနေတာ ငြင်းစရာ မဟုတ်ပါဘူး။ ဒီတပတ်တော့ နွေဦးကဗျာတွေထဲမှာ တွေ့ရခဲတဲ့ ပေါ့ပေါ့ပါးပါး အရွှန်းဖောက်ထားသလို ကဗျာတပုဒ်ကို ကျွန်တော်တို့ ဖတ်ကြရအောင်ပါ။ သူ့ကဗျာကို ဖတ်ပြီး ကျွန်တော်ကတော့ ကျွန်တော်တို့ရဲ့ နိုင်ငံတော် ဗီလိန်ကြီးကို တန်းမြင်မိတယ်။ ကဗျာဆရာဟာ ပုဂ္ဂလိက ရည်ရွယ်ချက် ရှိချင်မှ ရှိပါလိမ့်မယ်။ ပုဂ္ဂိုလ်ရေးတိုက်ခိုက်ချက်အဖြစ် ထွက်လာတဲ့ ကဗျာ မဟုတ်နိုင်ပါ။ ကာတွန်းရုပ်ပြတွေကတဆင့် ရုပ်ရှင်အဖြစ် ကူးပြောင်းပြီး ကလေးကြည့်မဟုတ် လူကြီးတွေပါ နှစ်ခြိုက်လက်ခံကြတဲ့ နာမည်ကြီး ဇာတ်ကောင်တွေကို ကျွန်တော်တို့အားလုံး သိကြမှာပါ။ စူပါမဲန်းတို့၊ ဘက်မဲန်းတို့၊ စပိုင်ဒါမဲန်းတို့ စသည်ဖြင့်။ သူ့ကဗျာခေါင်းစဉ်ကို ဖတ်လိုက်ပြီးခြင်း အဲ့ဒီ စူပါဟီးရိုးဇာတ်ကောင်တွေက ကဗျာဆက်ဖတ်မယ့် ဓမ္မာရုံထဲကို အရိပ်အငွေ့တွေသန်းသွားမှာပါပဲ။ ဒါပေမဲ့ သူ့စူပါဟီးရိုးကတော့ ဇောက်ထိုးပြောင်းပြန်တွေ ဖြစ်ရပုံကို ကျွန်တော်တို့ ပေါ့ပါးပျော်ရွှင်စွာ ဖတ်ကြည့်ကြရအောင်ပါ။ မြို့မေတ္တာ ခံယူထားတဲ့ မလုပ်ရဲတာ မရှိဘူး ဆိုလေသူ ကျွန်တော်တို့ရဲ့ ဗီလိန်ကြီးဟာ ဖတ်ရှုသူရဲ့ စိတ်ကူးရုပ်ပုံထဲ ပေါ်လာမှာပါ။ ပြည်သူလူထုရဲ့ စိတ်နှလုံးမှာ ဆဲရေးခြင်း စာလုံး သုံးလုံးနဲ့ အတူတကွ ရှိနေတဲ့ စူပါဟီးရိုးဟာ ဘုရားဒကာကြီး သာသနာပြုမင်းကောင်းမင်းမြတ်ရယ်လို့ သူ့ရဲ့ မင်းဆရာ သံဃရာဇာတွေက နှုတ်အားဖြင့် ချီးမြှောက်ခံရလေသူ ဖြစ်ပါတယ်။ ကဗျာဆရာ လင်းဇင်ယောက်ရဲ့ စူပါဟီးရိုး ဆိုတဲ့ ကဗျာကို ဖတ်ရင်း ဒီပုဂ္ဂိုလ်ကြီးကို မြင်ယောင်မိတယ် ဆိုရင် ကျွန်တော်တို့ နေထိုင်ရင်ဆိုင်နေရတဲ့ နွေဦးအဆက်အစပ်ကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။ စူပါဗီလိန်ကြီးရဲ့ ယုံနိုင်စရာ မရှိလောက်အောင် ဆိုးရွားလှတဲ့ အကုသိုလ်မှုတွေကို မြင်ရ တွေ့ရ ကြုံရပြီး ဆဲရေးနေခဲ့ကြရတာ ငြီးငွေ့စရာ ကောင်းလာပါပြီ။ အခုတော့ စူပါဟီးရိုးကြီးရဲ့ ဖြစ်ပုံပျက်ပုံတွေကို ကဗျာထဲက တစ်ဆင့် ကြည့်ပြီး ပေါ့ပါးစွာ ရယ်မောပစ်လိုက်ကြရအောင်။
Embed this episode
No transcript yet.