နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၉၄
from DNA Podcast Hosted by delta news agency
နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၉၄ ဗညားမော် နွေဦးထဲမှာ ကဗျာဟာ ကဗျာဆရာရဲ့ အရာအဖြစ် ကန့်သတ်ထားလို့ မရနိုင်တော့။ ယူကရိန်းက လာတဲ့ သတင်းတခုထဲမှာ ဒီလို တွေ့ရ။ “အိုဒက်ဆာဒေသဘက်မှာ တိုက်ခိုက်မှုတွေက ဆက်နေ။ ဒီညမှာပဲ ပေါက်ကွဲမှုတွေ အစဲ လူအများကို ဆေးရုံပို့ရ။ ဒီလိုတွေဖြစ်နေစဉ်အတွင်းမှာပဲ သူတို့ရဲ့ ကလေးတွေဟာ ဒီအရာတွေအားလုံးရဲ့ အလယ် ကဗျာကိုလိုအပ်တယ်လို့ မရအရ တောင်းဆိုနေတဲ့ မိဘတွေရှိနေတော့ ကျောင်းသားကလေးတွေအတွက် အရေးအသားသင်တန်းတခု မိတ်ဆွေတွေက စီစဉ်နေ” ဆိုပြီး အမေရိကန်ရောက် နာမည်ကြီး ယူကရိန်းကဗျာဆရာက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးထားပါတယ်။ ကျွန်တော်တို့ နွေဦးရဲ့ လတ်တလောသတင်းမှာ ဝန်းသိုဘက်က ဂျိုးထောင်ရွာ ဘုန်းကြီးကျောင်းကို ကလေးများ စာသင်နေစဉ် ဟောင်ဝိုက်ဇာ အမြောက်ကျည်ကျလာလို့ ကလေး ၁၈ ရောက် ထိခိုက်ဒဏ်ရာရ၊ ၆ ဦး ဒဏ်ရာပြင်းထန် ဆိုတာကို ဖတ်ရတယ်။ ကျောင်းသားကလေးတွေ စာသင်နေတာဆိုတော့ ကလေးကဗျာတွေ လင်္ကာလေးတွေလည်း ရွတ်ဖတ်နေချိန် ဖြစ်နိုင်တာပဲ။ ဆိုချင်တာက ဒီလို ကာလကြီးမှာကို ကဗျာဟာ ရှိနေရတယ်၊ ကဗျာဖတ်နေရတယ်။ မြေပြင်က တော်လှန်ရေးစခန်းတခု တဲတလုံးရဲ့ သင်ပုန်းတချပ်ပေါ်မှာ ကဗျာကောက်နုတ်ချက် သုံးလေးကြောင်း ရှိနေရတယ်။ ကဗျာစိတ်ဆိုတာ ခံစားရမှုအတွက်ဖြစ်တယ်။ မျှော်လင့်ချက်အတွက် ဖြစ်တယ်။ ဒါကြောင့် ကဗျာဆိုတာ ကဗျာဆရာရဲ့ အရာမျှသာလို့ ကန့်သတ် ထားလို့ မရတော့။ ကဗျုပဒေသ အဟောင်းနဲ့ရော မနေ့တနေ့ကမှ ဝင်လာသလို ကဗျာအတတ်ကို လေ့လာရယူလိုက်သလို ကဗျုပဒေသ အသစ်စက်စက်နဲ့ရော ချုပ်နှောင်ထားလို့ မရတော့။ ကဗျာပါမောက္ခများလည်း ကဗျာ အတတ်ပညာအကြောင်း ခြေခြေမြစ်မြစ် ပိုင်းပိုင်းဆစ်ဆစ် ပြောကြ ခြေရာကောက်ရစ်ကြပါလေ။ လူထုရဲ့ နွေဦးမှာ လူထုရဲ့ နှုတ်ဖျားမှာလည်း ကဗျာဟာ လွတ်လပ်စွာ အသက်ဝင် ဖူးပွင့်ပါစေ။ ဒီကာလကြီးထဲဆိုတော့ ကဗျာဟာ ကြမ်းရှရှနိုင်နေတတ်ပါလိမ့်မယ်။ သေနတ်သံ ဗုံးသံကြားက ကဗျာဟာ တနေရာ တခုခုကို ပိုင်းဖြတ်လိုက်တာမျိုး ရှိနေတတ်ပါလိမ့်မယ်။ တစုံတရာကို အပြတ်ငြင်းပယ်ကျောခိုင်းလိုက်တာမျိုးလည်း တွေ့နိုင်ပါတယ်။ နွေဦးထဲက ကဗျာဆိုတာ ရေထဲ မိုးထဲက ကဗျာ ဖြစ်နေမှာကိုး။ ဒီတပတ် ကျွန်တော်တို့ ဖတ်ကြရမယ့် ကဗျာမှာ ခေါင်းစဉ်တောင် ပါမလာခဲ့နိုင်ပါဘူး။ ကဗျာရေးသူကိုလည်း အမည်မဲ့ အဖြစ် ဖော်ပြရမှာ ဖြစ်ပါတယ်။ ကဗျာရေးသူဟာ ပန်းချီဆရာတဦး၊ နွေဦးရဲ့ မြေပြင်လိုအပ်ချက်တွေမှာ သူ့ရဲ့ ပန်းချီလက်ရာများ စုဆောင်းရရှိထားတဲ့ ပန်းချီလက်ရာများကို ထုခွဲဖြည့်ဆည်းပံ့ပိုးနေသူဖြစ်ပါတယ်။ သူ့ရဲ့ နာမည်သစ်နဲ့ အကောင့်က ရယူထားတာ ဖြစ်တဲ့အတွက် ကဗျာရေးသူရဲ့ နာမည်ကို လိုအပ်စွာ ချန်လှပ်တင်ဆက်လိုက်ရပါတယ်။ နွေဦးရဲ့ ရပ်တည်ရာ ရွေးချယ်ပုံအကြောင်းလို့ ဆိုရပါလိမ့်မယ် ဒီကာလကြီးထဲ ကျွန်တော်တို့ ပြတ်သားရ ဖြတ်ထားရတဲ့ အကြောင်းတွေလို့ ဆိုနိုင်ပါတယ်။ အရေးတော်ပုံရဲ့ အကျိုးစီးပွားအတွက် ကျွန်တော်တို့ဟာ အရာတချို့ လူပုဂ္ဂိုလ်တချို့ကို ငြင်းပယ်ကြရပါတယ်။ ပုံမှန်ကာလမှာ အတူယှဉ်တွဲ ရပ်တည်နေရမှာ ဖြစ်တာတွေကို ဒီကာလကြီးမှာတော့ လှည့်ကြည့်စရာ ငဲ့ကြည့်စရာရှိတာတွေအတွက် ကဗျာရေးသူဟာ ရက်စက်လမ်းခွဲလိုက်တယ် ဆိုရင် ဒါဟာ နွေဦးရဲ့ လက်ရှိ လိုအပ်ချက်ပဲ ဖြစ်ပါတယ် ခင်ဗျား။
Embed this episode
No transcript yet.