နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၉၉
from DNA Podcast Hosted by delta news agency
နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၉၉ ဗညားမော် ကျွန်တော်တို့ မြန်မာ နွေဦးအရေးတော်ပုံရဲ့ နောက်ပိုင်းမှာ ကြီးမားတဲ့ ပဋိပက္ခနဲ့ စစ်ပွဲကြီးတွေ ဖြစ်ပွားခဲ့တာဟာ ကျွန်တော်တို့ နွေဦးအတွက် အခွင့်အရေးလား မှေးမှိန်ဖို့ အကြောင်းကံလား။ နောက်ပေါက်လာတဲ့ ရွှေကြာပင်တွေကို ကမ္ဘာ့အစီအစဉ်မှာ ထိပ်ဘက်ကို တင်ပြီး စဉ်းစားလာကြရတာကတော့ အမြင်အတိုင်း အရှိအတိုင်းပါပဲ။ ကျွန်တော်တို့ဟာ ကိုယ့်ပထဝီနိုင်ငံရေးနဲ့ ကိုယ်အရေးကြီးနေကြပေမဲ့လည်း ဥရောပတိုက်ကို ခြိမ်းခြောက်နိုင်တဲ့ ယူကရိန်းအရေးနဲ့ ယှဉ်ရင်၊ အာရပ်ကမ္ဘာကို လှုပ်ခါနိုင်တဲ့ ဂါဇာအရေးနဲ့ စာရင် ဦးစားပေးအစီအစဉ်ထဲကို ဘယ်တုန်းကမှ ရောက်မလာနိုင်ခဲ့ဘူး။ နဂိုကကို နှုတ်အားဖြင့်ပဲ ကမ္ဘာ့ကူညီရပ်တည်မှုကို ရနေတဲ့ အခြေအနေဟာ ဒုံရင်း ဒုံရင်းပါပဲ။ ဒါပေမဲ့ အရပ်သားပြည်သူတွေရဲ့ မလုံခြုံမှု၊ အကြမ်းဖက်ခံရမှု၊ အသတ်ဖြတ်ခံရမှု၊ အိုးအိမ်စွန့်ခွာပျက်စီးရမှု ဒီအတိုင်းအတာတွေနဲ့ ကြည့်ရင်တော့ ကမ္ဘာပေါ်မှာ ပိုးစိုးပက်စက်ဖြစ်နေကြရခြင်း အတူတူပါပဲ။ ဒီတော့လည်း ငါတို့မှာ ငါတို့ပဲ ရှိတယ် ဆိုတာ အမှန်တရား ခါးပေမဲ့ ဒီဆေးခါးကြီးကိုပဲ နာလှန်ထူနိုင်တဲ့ တိုင်အောင် မျိုချကြရမှာ။ အဲ့သလို ဆိုတော့ နွေဦးကဗျာဆရာက ဟောသလို ခပ်ရွှင်ရွှင် ခပ်ရွဲ့ရွဲ့ ပြောချလိုက်သလို ကဗျာဟာ ဒီလောကဓံကို ကျွန်တော်တို့ ခါထုတ်လိုက်ရတဲ့ နေရာမှာ နှုတ်စွဲ ဖြစ်ချင် ဖြစ်နေတော့မှာ။ ကဗျာခေါင်းစဉ်က လှိုင်ဂါဇာမှာ သာသာယာယာ တဲ့။ လှမ်းပြီး တန်းညှိလိုက်တာ မဟုတ်ပါဘူး။ ဒီလိုပဲ သရော်လေသံလေးနဲ့ အရပ်ချင်း မသိမသာ ဝင်တိုင်းလိုက်တာပေါ့။ မသက်မသာတွေဟာ ဂုတ်ပေါ်မှာ ဝဲနေတဲ့အခါ သက်သက်သာသာနဲ့ ပေါ့ပေါ့ပါးပါးလိုလို ခါထုတ်ကြည့်ကြတာပေါ့။ ကျွန်တော်တို့ဟာ ဒုက္ခနဲ့ နေသားကျပြီးသား နိုင်ငံသားတွေ ဖြစ်ခဲ့တာ ကြာပြီပဲလို့ ဆိုရတော့မှာ။ ပိုပြီးလေးနက်တဲ့ ဆိုလိုရင်းရှိပေမဲ့လည်း ဗုဒ္ဓရဲ့ ကျင့်စဉ်ထဲက လမ်းညွှန်ချက်တစ်ရပ်ကိုပဲ ခပ်လွယ်လွယ် ယူလိုက်ကြရအောင်။ ကိုယ်ပင်နာသော်လည်း စိတ်တွင် မနာရလေအောင် ဆိုတာကိုပေါ့။ အဲ့သလို သဘောလို့ ကျွန်တော်က ယူလိုက်ပြီး ကဗျာဆရာ ဗားစလပ်ရဲ့ လှိုင်ဂါဇာမှာ သာသာယာယာ ဆိုတဲ့ ကဗျာကို ဖတ်လိုက်မိပါတယ်။ အခု ဝဲပွက်ထနေတဲ့ ဟားမာ့စ် အစ္စရေး စစ်ပွဲခင်းနေရာ ဂါဇာကမ်းမြောင်ရဲ့ အချက်လက်တချို့ သိထားရင်၊ ရန်ကုန် ဆင်ခြေဖုံးတွေထဲ အလုပ်သမားတွေ နင်းပြားတွေ အခြေခံလူတန်းစားတွေ အခြေမဲ့အနေမဲ့ လူတွေနဲ့ နွေဦးသူရဲကောင်းတွေ ထွက်ပေါ်ခဲ့ရာ လှိုင်သာယာရဲ့ အချက်လက်တချို့ သိထားရင် ဒီကဗျာဟာ ကဗျာဖတ်သူရဲ့ ရင်ထဲကို မချိုမချဉ် စီးဝင်သွားလိမ့်မယ်လို့ မျှော်လင့်မိပါတယ် ခင်ဗျား။
Embed this episode
No transcript yet.